ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ ချင်းတွင်းမြစ်၌သာ နေထိုင်ကျက်စားသော မြန်မာ့မျိုးရင်းငါးမျိုးစိတ်တစ်မျိုး ထပ်မံတွေ့ရှိ

Listing Description

မုံရွာ အောက်တိုဘာ ၄

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ ချင်းတွင်းမြစ်၌သာ နေထိုင်ကျက်စားသော ဆယ်စုနှစ်တစ်ခုကျော်ကြာ တွေ့ရှိ မှတ်တမ်းတင်နိုင်ခြင်းမရှိသည့် ချင်းတွင်းရေချိုငါးလိပ်ကျောက် မြန်မာ့မျိုးရင်း ငါးမျိုးစိတ်တစ်မျိုးကို ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်အဖွဲ့ (မြန်မာ) FFI မှ သိရသည်။ ။

အဆိုပါ မြန်မာ့မျိုးရင်းငါးမျိုးစိတ်ကို ၂၀၁၈ ခုနှစ်တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(မြန်မာ)FFI တို့ပူးပေါင်းလေ့လာခဲ့သော ရေချိုငါးလေ့လာရေး ခရီးစဉ်တွင် ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (မြန်မာ)FFIမှရေချို၊ ရေငန်ထိန်းသိမ်းရေး အစီအစဉ်မန်နေဂျာ ဦးဇော်လွန်းက " ဒီမြန်မာ့မျိုးရင်း ချင်းတွင်း ငါးလိပ်ကျောက် ငါးမျိုးဟာ အင်မတန်ရှားတယ်။ ကမ္ဘာမှာ မှတ်တမ်းတင်ထားတာကြာပြီ။ ၂၀၀၇ ခုနှစ်လောက်က မှတ်တမ်းတင်ထားပြီး အဲ့ဒီနောက် ပိုင်းမတွေ့ရတော့ဘူး။ ကျွန်တော်တို့ရှိမှန်းတော့ သိနေတာကြာပြီ။ ဒါပေမယ့် ဒီငါးနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှမေးလို့မရဘူး။ ဘယ်သူမှလည်းထပ်မတွေ့ဘူး။ ဒါကိုဘယ်သူမှ စိတ်ဝင်တစား မလေ့လာကြတော့ဘူး။ အခုကျမှ ကျွန်တော်တို့ပြန်တွေ့တာ။ တွေ့တာကတော့ ၂၀၁၈ ခုနှစ်မှာတွေတာ။ မုံရွာနဲ့ပခုက္ကူ အကြား ချင်းတွင်းမြစ်မှာပဲ ပြန်တွေ့ခဲ့တာပါ။ နောက်ပြီး တခြားဒေသမှာတွေ့ရတဲ့ ရေချိုငါးလိပ်ကျောက်ဆိုတာက ပင်လယ်ရေငန်ဒေသနဲ့ သိပ်မဝေးကွာတဲ့ ကုန်းတွင်းပိုင်းရေချို ဒေသများမှာတွေ့ရတာ။ ဒီချင်းတွင်းရေချို ငါးလိပ်ကျောက်ကျတော့ ပင်လယ်နဲ့ မိုင် ၅၀၀ကျော်ဝေးတဲ့ မြစ်ထဲမှာ ထူးခြားစွာ နေထိုင်ကျက်စား နေတာဖြစ်ပါတယ် "ဟု ပြောကြားသည်။

ယင်းငါးမျိုးစိတ်ကို ၂၀၀၇ ခုနှစ်တွင် Roberts ဆိုသူ သိပ္ပံပညာရှင်က ရေချိုငါးလိပ်ကျောက်မျိုးများတွင် သိပ္ပံအတွက်မျိုးအသစ် ဖြစ်ကြောင်းတွေ့ရှိခဲ့ကာ အဆိုပါပညာရှင်မှ သိပ္ပံအတွက် (Genus) မျိုးစုအသစ်အဖြစ် Makararaja ဟုပေးခဲ့ကြောင်း (species) မျိုးစိတ်သစ်အဖြစ် ငါးများကျက်စားသော ချင်းတွင်းမြစ်ကိုအစွဲပြု၍ chindwinensis ဟု မှတ်တမ်းတင်ခဲ့ကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းက မြန်မာနိုင်ငံ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ကျက်စားနေထိုင်ခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံ ချင်းတွင်းမြစ်၌သာ နေထိုင်ကျက်စားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာ့ရေချိုငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် မြန်မာ့မြစ်ချောင်းများ နှင့်အတူ အဆိုပါ မြစ်ချောင်းများထဲသို့စီးဝင် နေသော မြစ်လက်တက်များအတွင်းတွင် နေထိုင်ကျက်စားနေသော ငါးသယံဇာတတို့၏ စာရင်းလေ့လာမှတ်တမ်းတင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းကို ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ဒေသအတွင်းတက္ကသိုလ်များမှ ပညာရှင်များ၊ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (မြန်မာ) FFI မှဝန်ထမ်းများ ဝိုင်းဝန်းပူးပေါင်း၍ ၂၀၁၃ ခုနှစ်မှစတင်၍ လက်ရှိကာလအထိ အစီအစဉ်တကျ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရှင်များ၏ လေ့လာ မှတ်တမ်းတင်မှုများအရ မြန်မာနိုင်ငံတွင် ရေချိုငါးမျိုးစိတ်စုစုပေါင်း ၅၆၅ မျိုးခန့် ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာနှင့် သဘာဝအပင်အဖွဲ့ (မြန်မာ) FFI မှ သိရသည်။

သတင်း - ပိန်းဇလုပ်သိန်းညွန့်

ဓာတ်ပုံ - FFI