နန်းမတော်မယ်နုဘုရား

Listing Description

ကုန်းဘောင်ခေတ် ဘကြီးတော် (စစ်ကိုင်းမင်း)၏ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု ကောင်းမှုဖြစ်သော နန်းမတော်မယ်နုဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှ အနောက်မြောက်ဘက် လေးမိုင်အကွာ၊ နန်းမတော်မယ်နု၏ မိဘများနေထိုင်ခဲ့သည့် ဖလံခုံရွာတွင် တည်ရှိပါသည်။ စေတီတော်၏ ဘွဲ့အမည်သည် သုဝဏ္ဏသီမအောင်နန်းဖြစ်ပြီး အမြင့် ပေ ၁ဝဝ ရှိ၍ ဖိနပ်ခုံ အချင်းသည် ၉၂ ပေရှိသည်။ ယခုအခါတွင် စေတီတော် အထက်ပိုင်းတစ်ခုလုံးကို ပြုပြင်ကာ ရွှေများချထားသည်ကို မြင်တွေ့ကြရသည်။ အစ်ကိုဖြစ်သူ ဦးအို တည်ထားခဲ့သည့် မဟာမုနိစေတီသည် နန်းမတော်မယ်နုစေတီနှင့် ယှဉ်လျက်တည်ရှိနေကာ ဦးအိုတည်ခဲ့သည့်စေတီသည် နန်းမတော် မယ်နုတည်ခဲ့သည့်စေတီထက် အနည်းငယ် သေးငယ်ကာ ပုံစံမှာ အတူတူဖြစ်ပါသည်။