ကြက်ထောင့်ကန်တော်ကြီး

Listing Description

သမိုင်းဝင်ကြက်ထောင့်ကန်တော်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသ၊ စစ်ကိုင်းမြို့မှ မင်းကွန်းသို့သွားသော လမ်းအနီးရှိ ကြက်ထောင့်ရွာတွင် တည်ရှိသည့် မင်းကွန်းဒေသရှိ သမိုင်းဝင် အထင်ကရတစ်ခုဖြစ်ပါသည်။ ယင်းကန်တော်ကြီးကို ဘိုးတော်ဘုရားက မြန်မာသက္ကရာဇ် ၁၁၇၉ ခုနှစ် (ခရစ်နှစ် ၁၈၁၇) ပြာသိုလဆန်း ၁၄ ရက်နေ့တွင် စတင်တူးဖော်ခဲ့ပြီး ကန်တော်ကြီးမှာ ပတ်လည်နှစ်ဆင့်ပါကန် အမျိုးအစားဖြစ်ကာ ရေအဝင်အထွက်ပေါက်များလည်း ပါရှိသည်။ အကျယ် ၄၂၀ ပေရှိ၍ အနက် ၃၁ ပေခန့်ရှိသဖြင့် အနက်ဆုံးကန်တော်ကြီးဟု ဆိုနိုင်ပါသည်။ ထူးခြားချက်တစ်ခုမှာ ဧရာဝတီမြစ်နှင့် အလှမ်းကွာဝေးနေသော်လည်း မြစ်ရေတိုးလျှင် ကန်ရေတိုးလာ၍ မြစ်ရေနည်းလျှင် ကန်ရေလည်း အနည်းငယ်သာ ရှိတတ်ပါသည်။ ယခုအခါ ထိုသမိုင်းဝင်ကြက်ထောင့်ကန်ကြီးကို ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ရှေးမူမပျက် ထိန်းသိမ်းပြုပြင်ခဲ့ပြီး ကန်တော်ကြီး ပတ်လည်တွင် ပြည်တွင်းပြည်ပ ခရီးသွားများ လွယ်လင့်တကူလေ့လာနိုင်ရန်အတွက် အကျယ် ၅ ပေ၊ အရှည် ၁၅၈ ပေရှိ ဂျင်းကျောက် မြေသားလမ်းကို ခင်းပေးထားကြောင်း သိရပါသည်။