ခိုင်နှင်းဝေ

Listing Description

၁၉၈၁ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်း မစုနှင်းပွင့် ဖြစ်သည်။

တင်မိုးလွင် မော်လ်ဒယ်သင်တန်းတွင် တက်ရောက်ခဲ့ပြီး မော်လ်ဒယ်ရှိုးပွဲများ လျှောက်ခဲ့သည်။ အနုပညာလောကသို့ ၁၉၉၉ ခုနှစ်တွင် စတင်ဝင်ရောက်လာခဲ့သည်။ “ဆန်ရေ” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်၍ နာမည်ကြီးထင်ရှားလာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် “ကျွန်မကမဟေသီ” ဇာတ်ကားကြီးတွင် ပြေတီဦး၊ မိုးဟေကိုတို့နှင့် ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှု ပိုမိုရရှိလာခဲ့သည်။ ထို့နောက် “တုနှိုင်းမရတဲ့မေတ္တာ” ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်လမ်းတွဲသည်လည်း နာမည်ကြီးဇာတ်လမ်းတွဲဖြစ်ခဲ့သည်။

ကြိုးဖြင့်ချည်ထားသော ဗာရာဏသီ၊ စစ်ကိုမုန်း၍တိုက်ခဲ့သည် စသည့် ရုပ်ရှင်ကားများ ရိုက်ကူးခဲ့သည်။ အပြင်းစားဖိုက်တာ၊ ဧရာကမ်းက သမန်းမိကျောင်း၊ အိမ်ထောင်ရေးပဋိပက္ခ၊ အချစ်ကိုယ်ရံတော်၊ ရွာအပြင်ကလူ၊ အိမ်ဖော် စသည့် ဇာတ်ကားကောင်းများစွာ ရိုက်ကူးခဲ့သည်။

၂၀၁၄ ခုနှစ်မှစ၍ “ခိုင်နှင်းဝေ ပရဟိတအဖွဲ့” ကိုတည်ထောင်၍ မိဘမဲ့ကလေးများဂေဟာဖွင့်လှစ်ထားပြီး မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်လျက်ရှိသည်။ ကလေးသူငယ်ဆိုင်ရာ လူကုန်ကူးမှု တားဆီးရေးတွင် အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည်။

ကိုချမ်းငြိမ်းကျော်နှင့်လက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် စိတ်သဘောထားချင်း မတိုက်ဆိုင်သဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တရားဝင်ကွာရှင်းခဲ့သည်။