သားစိုး

Listing Description

အဆိုတော်နှင့် အသံဖမ်းအင်ဂျင်နီယာ သားစိုးကို ၁၉၈၀ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ အမည်ရင်း စိုးမိုးအောင် ဖြစ်သည်။

အထက်တန်းအောင်ပြီးနောက် သူငယ်ချင်းများနှင့် W.Y.W အဖွဲ့ ဖွဲ့ခဲ့သည်။ အဆိုပါအဖွဲ့မှာ ၁၉၉၈ ခုတွင် ကွဲသွားသည်။ သီရိဆွေ ထွက်သွားသည့် Fi Gi-D အဖွဲ့သို့ ကွိကွိ၊ ဘာဘူတို့နှင့် အတူ ဝင်သည်။ ၂၀၀၀ ပြည့်တွင် အဲလက်စ် က ခွေထုတ်ပေးသည့်အခါ အဖွဲ့အမည်ကို သီအိုရီ ဟု ပြောင်းလိုက်သည်။

၂၀၀၁ ခုတွင် လန်ဒန်ရှိ အသံဖမ်းအင်ဂျင်နီယာကျောင်း (School of Audio Engineering Institute) တွင် ကျောင်းတက်ကာ အီလက်ထရို ဂီတကို လေ့လာသည်။ ၃ နှစ်အကြာတွင် မြန်မာပြည် ပြန်လာသည်။

ပထမဆုံး တစ်ကိုယ်တော်အခွေ ရောသမမွှေ ကို ၂၀၀၆ ခုတွင် ထုတ်သည်။ မြန်မာဆိုင်းဝိုင်းကို စိန်လှငွေ၊ စိန်ဗိုလ်ဆင့်တို့က တီးပေးပြီး တေးနှောကျွမ်းကျင်သူ ဥက္ကာဦးသာ အကူအညီကို ရယူထားသည်။ အဆိုပါခွေမှာ နိုင်ငံတကာ စိတ်ဝင်စားမှုပါ ရခဲ့သည်။

ထို့နောက် ရောချင်ရော မရောချင်နေ၊ ဖအေတူ မအေတူ၊ အမွှေ၊ မွှေလို့ မဝလို့၊ ရောတယ် မွှေတယ်၊ ငွေမြင်ရင် လင်လုပ်မည် တို့ကို ၂၀၀၇ မှ ၂၀၁၁ အထိ တစ်နှစ်တစ်ခွေ ထုတ်ခဲ့သည်။