ကောလိပ်ဂျင်နေဝင်း (၁၉၂၈ - ၁၉၈၃)

Listing Description

၁-၁၀-၁၉၂၈ ရက်နေ့တွင် ဟင်္သာတမြို့၌ အဖ အငြိမ်းစားရဲဝန်ထောက် ဦးသက်ဖေ နှင့် အမိ ကျောင်းဆရာမ ဒေါ်တင်တို့မှ တစ်ဦးတည်းသောသားအဖြစ် မွေးဖွားခဲ့သည်။ ငယ်နာမည်များ ဖြစ်သော ပါပူးနှင့် နေဒွန်း မှာ လူသိများသည်။ ဟင်္သာတမြို့ ကမ်းမင်း ဟိုက်စကူး ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဘဝပေး အခြေအနေအရ နွားနို့ လှည့်လည် ရောင်းချပြီး ပညာ သင်ကြားခဲ့ရသည်။ ဝါသနာ အလျောက် ဘောလုံး ကိုလည်း ကြိုးစား ကစားခဲ့သည်။ ပညာ တပိုင်းတစနှင့် ကျောင်းမှ နုတ်ထွက်ပြီး ၁၉၄၆ ခုနှစ်တွင် တပ်မတော်ရေတပ်တွင် ဝင်ရောက်အမှုထမ်းခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ရေတပ်မှ ထွက်ပြီး ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခဲ့ရာ ၁၉၅၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ တက္ကသိုလ် တက်ရောက်စဉ် တက္ကသိုလ် အားကစား အရာရှိ ဦးငြိမ်း၏ စောင့်ရှောက်မှုဖြင့် ဦးငြိမ်းနှင့် အတူ အဆောင်တွင် မှီခို နေထိုင်ပြီး ပညာသင် ကြားခဲ့သည်။ တစ်ဖက်ကလည်း တက္ကသိုလ် ရေကူးကန် ကြီးကြပ်ရေးမှူး တာဝန်ကိုပါသူ ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းတွင် ရှေ့တန်းလူအဖြစ် ပါဝင်ကစားခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမား တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး အင်ဒိုနီးရှား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ သွားရောက်ကစားရာ ခြေစွမ်းပြခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ ကျင်းပသော အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်၊ ပါကစ္စတန် လေးနိုင်ငံ ဘောလုံး ဗိုလ်လုပွဲသို့ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ၁၉၅၆ခုနှစ် အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ချီးမြှင့်ခဲ့သည်။ ၁၉၅၇-ခုနှစ် ရန်ကုန် တက္ကသိုလ် ဘောလုံး အသင်းကို ခေါင်းဆောင်ကာ ကာလကတ္တား ယူနီဗာစီတီ နှစ်တရာပြည့် အထိမ်းအမှတ်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။

ဘွဲ့ရပြီးချိန်တွင် မီးရထားဌာနတွင် တာဝန်ထမ်းဆောင်ရန် ကြိုးစားနေစဉ် ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်က စာရေးဆရာကြီးဇဝန၏ အောင်မြင် ကျော်ကြား လှသည့် ကောလိပ်ကျောင်း သားဝတ္ထုအား ကောလိပ်ဂျင်အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးရန် စီစဉ် နေကြသည်။ ကောလိပ်ကျောင်းသား၏ အဓိကဇာတ်ဆောင် သိန်းဖေ အဖြစ် ကျော်ကြားဆဲ မင်းသားများကို အသုံး မပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျ ဖြစ်သည့် တက္ကသိုလ် ကျောင်းသားကိုသာ စိစစ်ရွေး ချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်တာ ဦးချင်းစိန်မှ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။ ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုဖြင့် သရုပ်ဆောင် လုပ်ရန် သူပိုင်းဖြတ်ပြီး ဒါရိုက်တာ ဦးချင်းစိန်နှင့် တွေ့ဆုံခဲ့သည်။  သူ့အား တွေ့ဆုံပြီးသည်နှင့် မျက်နှာသွင်ပြင်၊ သွားလာ လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်နှင့် သူ့တွင် ကိန်းအောင်းနေသည့် သရုပ်ဆောင်ဗီဇ (Talent) တို့နှင့် ပျော် ပျော်ပါးပါး သွက်သွက် လက်လက်နေတတ်သည့် ကျောင်းသား သိန်းဖေ၏ စရိုက် ကိုက်ညီနေသည်ကို ဒါရိုက်တာ ဦးချင်းစိန်က သိလိုက်သည်။ ဦးချင်းစိန်က သူ့အား ထိုစဉ်က ထင်ရှားနေသော အကယ်ဒမီ ဖိုးပါကြီးကဲ့သို့ ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင် သရုပ်ဆောင် စေခဲ့သည်။

ထို့နောက် စာရေးဆရာ၊ သတင်းစာ ဆရာ မောင်နေဝင်းနှင့် စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့ လုပ်နေသူ တက္ကသိုလ် နေဝင်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမား နေဝင်း အဖြစ် ကျော်ကြား ပြီး သူ့အမည်ကိုလည်း မပြောင်းလဲလိုတော့၍ နေဝင်း (ဘီအေ) ဟူသည့် သရုပ်ဆောင် အမည်ကို ကင်ပွန်းတပ် ပေးခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားတွင် နေဝင်း(ဘီအေ)နှင့် အတူ ထပ်ဆင့် အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့် (ယခု ဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ် ဆောင်စေခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ် နေဝင်း (ဘီအေ) နှင့် သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး လူမဝင်ခဲ့၊ ဝင်ကြည့်မိသမျှ လူနည်းစု၏ တစ်ဆင့် စကားဖြင့် တဖြည်းဖြည်း လူကြည့် များလာပြီး ဝင်ငွေစံချိန် တင်သည် အထိ လူကြိုက်များခဲ့သည်။ နေဝင်း (ဘီအေ) အစား ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင် နေဝင်းဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။ ကောလိပ်ဂျင်ရုပ်ရှင် ကားမှ သူ့စကား “ကြေပါတယ် မအေးစိန်” မှာလည်း ပြည်သူကြားသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက် ရောက်ရှိခဲ့သည်။ ကောလိပ်ဂျင် ရုပ်ရှင်တစ်ကားတည်းဖြင့် ဟာသသရုပ်ဆောင် မင်းသား အဖြစ် ရုပ်ရှင်ကြည့် ပရိသတ်က သူ့အား တခဲနက် အားပေးခဲ့သဖြင့် ရုပ်ရှင်ကြည့် ပရိသတ် ပေးသော ကောလိပ်ဂျင် နေဝင်း အမည်ဖြင့်ပင် ဟာသ ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူးခွင့် ရခဲ့သည်။ ဟာသ သရုပ်ဆောင် မင်းသားအဖြစ် ကျော်ကြား နေသော ကောလိပ်ဂျင်နေဝင်းအား ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ မောင်မောင်သောင်းက မုန်းရုပ်ရှင်ကားဖြင့် တည်တည် ငြိမ်ငြိမ် သဘာဝ ဇာတ်ရုပ်ကို ပြောင်း၍ သရုပ်ဆောင်စေရာတွင်လည်း အောင်မြင်ခဲ့ ပြန်သည်။ ထို့နောက် ဟာသရုပ်ရှင်ကား များနှင့် သဘာဝ ရုပ်ရှင်ကားများ အပြင် အချို့ ဒါရိုက်တာများက လှုပ်ရှားမှု (Action) အသားပေး ကားများကိုပါ အခါ အားလျော်စွာ ရိုက်ကူး သရုပ်ဆောင်စေခဲ့ကြသည်။

ကောလိပ်ဂျင် ရုပ်ရှင် ကားမှ စတင်ပြီး ကွယ်လွန်ချိန် အထိ ကျရာဇာတ်ရုပ်တွင် သူ့အဆက် မပြတ် သရုပ်ဆောင်ခဲ့ရာ ရုပ်ရှင်ကား နှစ်ရာ နီးပါးရှိမည်ဟု ခန့်မှန်းရသည်။ ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ အနက် ဒါရိုက်တာ ခင်စိုး၏ ပယင်းရောင် ရုပ်ရှင်ကားတွင် ဘဝကို နာကြည်း၍ အရက်၏ ကျေးကျွန်ဖြစ်ရသူ အဖြစ် သရုပ် ဆောင်ထူးချွန်မှုကြောင့် ၁၉၆၉ ခုနှစ် အမျိုးသား ဇာတ်ဆောင်ဆုကို လည်းကောင်း၊ ဒါရိုက်တာ သုခ၏ အကာကအချစ် အနှစ်က မေတ္တာတွင် မိတဆိုးသမီးအား သဘောမတူသူနှင့် ပေါင်းဖက်၍ စွန့်ပစ်ပြီး ခါမှ မြေးကလေးအား တိတ်တခိုး ချစ်ရသူ အဖြစ် သရုပ်ဆောင် ထူးချွန်မှုကြောင့် ၁၉၇၉ ခုနှစ် အမျိုးသားဇာတ်ပို့ဆုကို လည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။

၁၉၆၂-ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ နှင့် ဒေါ်ခင်တင့်တို့၏ သမီး ဒေါ်ခင်မာလာ နှင့် လက်ထပ်ခဲ့ပြီး မိုးမြင့်သော်တာ ရုပ်ရှင်ကုမ္ပဏီ တည်ထောင်ကာ ကိုယ်ပိုင်ရုပ်ရှင် ဇာတ်ကားများကို ရိုက်ကူး ထုတ်လုပ်ခဲ့သည်။

သရုပ်ဆောင်အဖြစ်သာမက (ကိုဘထူး၊ မဦးခင်၊ တင်မောင်မောင်) စသည့် ကက်ဆက်ဇာတ်လမ်းအခွေများတွင်အသံဖြင့် ဖျော်ဖြေရာတွင်လည်း နာမည်ရသူဖြစ်သည်။ ၁၉၇၀ ပြည့်လွန်မှ ၁၉၈၀ ပြည့်လွန်နှစ်များထိ ဆယ်နှစ်ကာလ ထုတ်လုပ်သမျှ ကက်ဆက် ဇာတ်လမ်း၏ ၇၅%ခန့်တွင် သူသာ သရုပ်ဆောင် ခွင့်ရခဲ့သည်။

၂- ၆- ၁၉၈၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်မာလာနှင့် သား ရုပ်ရှင်သရုပ်ဆောင် ရာဇာနေဝင်း၊ သမီး အဆိုတော် ဟေမာနေဝင်းတို့ အပါအဝင် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။