ပဒို စောဘသင်စိန်

Listing Description

ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့၌ အဖ စောဘစိန်နှင့် အမိ နော်သင်းမြတ်တို့မှ ၁၉၂၇ ခုနှစ် မတ်လ ၁ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း မောင်နှမ ကိုးယောက်အနက် ပဒို စောဘသင်စိန်မှာ ဒုတိယမြောက်သား ဖြစ်သည်။ ကျောင်း ပညာရေးကို ၁၉၄၆ ခုနှစ်တွင် နှစ်ချင်း ခရစ်ယာန် သာသနာပြုကျောင်းမှ အောင်မြင်ခဲ့ပြီးနောက် ရန်ကုန် စစ်ရုံးချုပ် စာရင်းအင်း ဌာန တွင် ဝန်ထမ်း တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၄၉ ခုနှစ်တွင် အင်းစိန် တိုက်ပွဲမှ စ၍ ကရင် အမျိုးသား ယူနီယံ၏ လက်နက်ကိုင်တပ်၊ ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့သို့ ဝင်ရောက်ခြင်းဖြင့် ကရင့် တော်လှန်ရေး တွင် ပါဝင်လာခဲ့သည်။ ထို့နောက် ၁၉၅၀ ပြည့်နှစ်မှ စ၍ နိုင်ငံရေး တာဝန်များကိုသာ အဓိက ထမ်းဆောင်နေခဲ့ရာ ၁၉၆၃ တွင် ကရင် အမျိုးသား ယူနီယံ၏ ဗဟို ကော်မတီ ဝင်တစ်ဦး ဖြစ်လာခဲ့သည်။

၁၉၈၃ တွင် ဗဟို ကော်မတီ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ကာ ၂၀၀၀ ပြည့်နှစ်၊ ၁၂ ကြိမ်မြောက် ကရင် အမျိုးသား ယူနီယံ ကွန်ဂရက်တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ်တွင် ထပ်မံကျင်းပသည့် ၁၃ ကြိမ်မြောက် ကွန်ဂရက်တွင်လည်း ဥက္ကဋ္ဌအဖြစ် ထပ်မံ ရွေးချယ်ခံရကာ ကွယ်လွန်ချိန် အထိ ကရင် အမျိုးသား ယူနီယံ ၏ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

၁၉၈၈ တွင် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်၏ အလုပ်အမှုဆောင် အဖြစ် ၂၀၀၄ မှ ၂၀၀၈ ခုနှစ်အထိ အကြံပေး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနျစ်အထိ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု၏ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ရင်း ၂၀၀၁ မှ ၂၀၀၈ ခုနှစ်အထိ တိုင်းရင်းသား လူမျိုးများ ကောင်စီတွင်လည်း ဥက္ကဋ္ဌ အဖြစ် သော်လည်းကောင်း၊ ၂၀၀၂ မှ ၂၀၀၈ အထိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ သဘာပတိ အဖွဲ့ဝင်နှင့် ဒု-ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် လည်းကောင်း တာဝန်များစွာ ထမ်းရွက်ခဲ့သည်။

ပဒို စောဘသင်စိန် သည် ၂၀၀၈ ခုနှစ် မေလ ၂၂ ရက်နေ့တွင် လူကြီးရောဂါဖြင့် အသက် ၈၁ နှစ်တွင် ကွယ်လွန်ကာ ဈာပန အခမ်းအနားကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၌ မေလ ၂၅ ရက်နေ့တွင် ကျင်းပ ပြီးစီးခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး နော်အုံးမြိုင် နှင့် သား ၁ ဦး၊ သမီး ၃ ဦး ကျန်ရစ်ခဲ့သည်။