ပြည်လုံးကပ်ကျော်ဦးပါရဲစေတီတော်

Listing Description

ပြည်လုံးကပ်ကျော်ဦးပါရဲစေတီတော်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိပါသည်။ ဘိုးတော်ဘုရားလက်ထက် ဟင်္သာတမြို့၏ အကြီးအကဲ ဦးပါရဲက သက္ကရာဇ် ၁၁၆၄ ခုနှစ်တွင် စေတီရန်လေးဆူနှင့် စေတီတော်ကြီးကို တည်ထားခဲ့ပါသည်။ စေတီတော်ခြေရင်းတွင် ကုန်းတော်မှာ လေးတောင်ခန့်သာ ကျယ်ဝန်း၍ စေတီတော်၌ ဂန္ဓကုဋီတိုက် ၄ ဆောင်ဆောက်လုပ်ခဲ့ပါသည်။ ထို့နောက်တွင် ဦးပါရဲ၏ အဆက်အနွယ်ဖြစ်သော သမာဓိမြို့ဝန် ဦးမောင်မောင်ခနှင့် ဒါယကာများက အရန်စေတီတော် ၈ ဆူနှင့် ဂန္ဓကုဋီဆောင် ၈ ဆောင် တိုးတက်မွမ်းမံခဲ့ကြပါသည်။ ၁၂၉၉ ခုနှစ်တွင် မန္တလေးတောင် ရသေ့ကြီးဦးခန္တီ ကြွရောက်လာပြီးလျှင် ပြည်လုံးကပ်ကျော်ဦးပါရဲစေတီတော်ဟူ၍ ဘွဲ့တော်သမုတ်ခဲ့ပြီး ကုန်းတော်ကိုလည်း ထပ်မံဖို့ခဲ့ပါသည်။ ၁၃၁၀ ပြည့်နှစ်တွင် ဒါယကာများက ဝေယျာဝစ္စအဖွဲ့ ဖွဲ့စည်းကာ ဂန္ဓကုဋီတိုက် ၈ ဆောင် ထပ်၍ ဆောက်သဖြင့် ဂန္ဓကုဋီ ၁၆ ဆောင်ဖြစ်လာခဲ့ပါသည်။ ၁၃၂၀ ပြည့်နှစ်မှ စတင်ကာ ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန် ကမ်းဆည်ခဲ့ကြသည်။ စေတီတော်သည်လည်း ၁၆ မျက်နှာစေတီတော် ဖြစ်လာခဲ့ပါသည်။ စေတီတော်သည် ပန်းတင်ခုံအကျယ်တစ်ဖက်လျှင် ၉၄ တောင် ၂ မိုက်၊ ဖိနပ်တော်အကျယ် ၂၇ တောင်၊ ဉာဏ်တော်အမြင့် ၄၉ တောင် ၂ မိုက် ရှိပါသည်။