ရွှေစကြာ ဦးစိုးမြင့် [၁၉၁၂ - ၁၉၇၈]

Listing Description

ဟင်္သာတ ခရိုင် ဒေါင့်ကြီး အရှေ့ဘက် ငါးအိမ်တန်း ရွာတွင် မုံရွာ ဗညွန့်ကျီနွယ် ဖြစ်သူ ကိုင်းသူကြီး ဦးထွန်းဦး၊ ဒေါ်ပိုးမှုန် တို့က ၁၉၁၂ ခုနှစ်တွင် မွေးဖွားသည်။ [မွေးသက္ကရာဇ် အတိအကျကို မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၇၉) တွင် မြန်မာသက္ကရာဇ် ၁၂၇၄ ခု ဝါဆိုလဆုတ် ၇ ရက်ဟု ပြသည်။ ၁၂၇၄ ခုသည် ဝါထပ်နှစ် ဖြစ်သည်။ ထို့ကြောင့် ပထမဝါဆို လဆုတ် ၇ ရက်သည် ၅ ဇူလိုင် ၁၉၁၂ ဖြစ်ပြီး၊ ဒုတိယဝါဆို လဆုတ် ၇ ရက်သည် ၄ ဩဂုတ် ၁၉၁၂ ဖြစ်နေသည်။ အတိအကျ မဆိုသာချေ။] ပဉ္စမမြောက်သား ဖြစ်သည်။

ခြောက်နှစ်သားတွင် အစ်ကိုရင်း အရှင်ကဝိန်ဒ နှင့်အတူ မန္တလေးမြို့ မစိုးရိမ်တိုက်သို့ ရောက်ခဲ့သည်။ ကျောင်းသား ဘဝ၊ သာမဏေ ဘဝ၊ ရဟန်း ဘဝနှင့် မန်ဈလေးတွင် နှစ်ပေါင်း ၂ဝ ကြာ ပညာ သင်ခဲ့သည်။ ရဟန်း ဘွဲ့မှာ ဦးဝရုဏ ဖြစ်သည်။ သကျသီဟ စာမေးပွဲ အောင်မြင်သည်။ ပခုက္ကူ မဟာ ဝိသုတာ ရာမ၊ ရန်ကုန် ဘုရားဖြူ ကျောင်းတိုက်၊ မြင်းခြံနယ် ကန်မြဲ - စကြမ်း တို့၌လည်း ပညာ ဆည်းပူး ခဲ့သည်။ ပါဠိ စာကိုလည်း တနှစ် ကျော်မျှ လေ့လာ ခဲ့သည်။ မြန်မာစာကို ပုဂံဝန်ထောက် ဦးတင် ထံတွင် ဆည်းပူး ခဲ့သည်။ ရဟန်း ခုနစ်ဝါတွင် လူဝတ် လဲခဲ့သည်။ လူ အမည်မှာ ဦးစိုးမြင့် ဖြစ်သည်။ ဒေါင့်ကြီးရွာ မြေပိုင်ရှင် ဦးလွန်း - ဒေါ်ဖွား တို့၏ သမီး ခင်ခင်လှနှင့် အိမ်ထောင် ပြုသည်။

ထို့နောက် မြန်မာ နေ့စဉ် သတင်းစာတွင် လက်ထောက် အယ်ဒီတာ၊ ၁၉၃၈ ခုနှစ်တွင် အာဇာနည် သတင်းစာ တွဲဖက် အယ်ဒီတာ၊ လူပြန်တော် ပညာရှိ အသင်း တွဲဖက် တည်ထောင်သူ၊ ၁၉၄ဝ ပြည့်နှစ်တွင် စတင် ဖွဲ့စည်းသည့် အစိုးရ ပါဠိဘာသာ ပညာရေး အဖွဲ့၌ မစိုးရိမ်တိုက် ကိုယ်စားလှယ် ပါဠိ ပါရဂူ အဖြစ်ဖြင့် အဖွဲ့ဝင် လူကြီး၊ ၁၉၄၁ ခုနှစ်တွင် တွဲဖက် ဥက္ကဌဖြစ်လာ ခဲ့သည်။

ဂျပန်ဝင်စတွင် ဗုဒ္ဓသာသနာ့ အစည်းအရုံး ကော်မတီဝင်၊ ၁၉၄၃ ခုတွင် သထုံ ခရိုင် ဝါဒဖြန့်ချိရေး အရာရှိ၊ ဂျပန် တော်လှန်ရေး၌ မုတ္တမ စက်အမြောက် တပ်ခွဲ နံပါတ် (၅) နှင့် ပူးပေါင်း တာဝန် ယူခဲ့သည်။ ၁၉၄၆ - ၄၈ တွင် အစိုးရ ပါဠိ ဘာသာ ပညာရေး အဖွဲ့တွင် အဖွဲ့ဝင်၊ ၁၉၄၇ ခုတွင် နဂါးနီ ဂျာနယ် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ မဟောသဓာ သတင်းစာ အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ ဆောင်ရွက် ခဲ့သည်။ ၁၉၄၈ တွင် "ခေတ်တရာ တက္ကသိုလ်" အလွတ် ပညာကျောင်း၌ မြန်မာစာနှင့် မြန်မာ ရာဇဝင် ဆရာ လုပ်ကိုင် ခဲ့သည်။ ၁၉၅ဝ ပြည့်နှစ်မှ ၁၉၆၃ ခုနှစ် အထိ သာသနာရေး ဌာနတွင် ဝင်ရောက် အမှုထမ်းသည်။ အောက်မြန်မာပြည် သာသနာရေး အရာရှိ (၁၉၅ဝ)၊ အစိုးရ ပါဠိ ဘာသာ ပညာရေးအဖွဲ့ တွဲဖက် အတွင်းရေးမှူး (၁၉၅၁ - ၅၂)၊ လက်ထောက် သာသနာ့ ညွှန်ကြားရေးဝန် (၁၉၅၃ - ၅၄)၊ ထိုနှစ်တွင်ပင် ပါဠိ ပညာရေး အဖွဲ့တွင် သာသနာရေး ဝန်ကြီး ဌာန ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် ခဲ့သည်။ ထို့ပြင် ၁၉၅၁ ခုနှစ်မှ စ၍ မြန်မာ နိုင်ငံလုံး ဆိုင်ရာ လူပြန်တော် ပညာရှိ အသင်းချုပ်၏ ဥက္ကဌ၊ ၁၉၅၅ ခုတွင် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကဝိဘိသက်က ဆေးဆရာကြီးများ အဖွဲ့ချုပ်၏ နာယက အဖြစ်လည်း ဆောင်ရွက် ခဲ့သေး၏။ ၁၉၆၃ ခုနှစ်တွင် အစိုးရ အမှုထမ်း ဘဝမှ အငြိမ်းစား ယူခဲ့သည်။

၁၉၃၂ ခု ဇွန်လမှ စ၍ သကျသီဟ စာပေးပွဲ အတွက် သင်ကြားနေရင်း "ရွှေစကြာ" ကလောင် အမည်ဖြင့် နားခံတော် ဝတ္ထုကို သူရိယ မဂ္ဂဇင်း၌ အခန်းဆက် ရေးခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် လုံးချင်း အဖြစ် ထုတ်ဝေ ခဲ့သည်။ ၁၉၃၇ - ၃၈ တွင် ဥပစာတန်း၌ လည်းကောင်း၊ ၁၉၄ဝ - ၄၁ တွင် တိုင်းရင်းဘာသာ နဝမတန်း၌ လည်းကောင်း ကျောင်းသုံး ပြဌာန်း ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီက ပူတကေ၊ အထောက်တော်၊ သမားတော်၊ လေးညှင်း ဝတ်လုံတော်ရ၊ ပီကင်းရောက်၊ သူရဲဝိဇ္ဇာ၊ စစ်ကိုင်း မင်းသား၊ စောဥမ္မာ၊ ကုန်းဘောင် ပြည်သစ် စသည် တို့ကို လည်းကောင်း၊ စစ်ပြီး ခေတ်တွင် ဝန်ကြီး သမီး၊ ဗိုလ်ချုပ်နှင့် ကုလားဖြူ၊ ဗိုလ်တေဇ၊ ဗိုလ်ချုပ် ဦးစ၊ ကုန်းဘောင် နန်းတွင်းရေး၊ ဓာတုကလျာ၊ မြဝတီ ဝန်ကြီး ဦးစ၊ အဝီစိပြန် စသည် တို့ကို လည်းကောင်း ရေးသား ခဲ့သည်။ ထို့ပြင် ခွဲထားကျော် ကျမ်းကြီးနှင့် အဓောဝါမ ဒါဌာဓာတုဝိဘာဝနီ မည်သော လက်ဝဲ အောက်စွယ်တော် သမိုင်း တို့ကိုလည်း ပြုစု ခဲ့သည်။ ယင်းတို့အနက် နားခံတော် မှာ အထင်ရှားဆုံး ဖြစ်၏။ ၁၉၆၇ တွင် အောင်မင်္ဂလာ ရုပ်ရှင် ကုမ္ပဏီက 'ဇာတိမာန်' အမည်ဖြင့် ရုပ်ရှင် ရိုက်ကူး ခဲ့သည်။ နားခံတော်သည် "သမိုင်း နောက်ခံ ဝတ္ထုများတွင် အစောပိုင်း ကျသော ဝတ္ထုပုံစံ တစ်ခု အဖြစ် အလေးအစားပြု လေ့လာ သင့်သော ဝတ္ထု တစ်ပုဒ်လည်း ဖြစ်၏။ ..... အမျိုးသား နိုင်ငံရေးနှင့် နယ်ချဲ့ ဆန့်ကျင်ရေး အခန်းတွင် ဝတ္ထု၏ အစိတ်အပိုင်းကို ဖော်ပြရာ၌ ထည့်သွင်း ဖော်ပြရမည့် ဝတ္ထု တပုဒ်လည်း ဖြစ်လေသည်" ဟု မလိခက မှတ်ချက် ပေးသည်။ ရွှေစကြာနှင့် ပတ်သက်၍မူ "မြန်မာ စာပေ သမိုင်း၌ ရာဇဝင် ဝတ္ထု အရေးအသားတွင် တစ်ခေတ် ထူထင်သည့် ပုဂ္ဂိုလ်ဟု ဆိုနိုင်သည်။ လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး၏ ရေးသား နည်းမျိုးမှ လမ်းခွဲ ထွက်ကာ ခေတ်မီ အသွင်နှင့် ရေးခဲ့သည်။ ရာဇဝင် ဇာတ်ကြောင်းကို အခြေခံပြီး မိမိ စိတ်ကူးနှင့် ရသ ပေါ်အောင် မွမ်းမံ ရေးသား ခဲ့သည်" ဟု ပါရဂူက ရေးခဲ့သည်။

၁၉၇၈ ခု ဇူလိုင်လ ၇ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ရန်ကုန်မြို့ အလုပ်သမား ဆေးရုံကြီး၌ ကွယ်လွန်သည်။