မိုးဒီ

Listing Description

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၆ရက် နေ့တွင် အဖ ဦးဟန်တင်နှင့် အမိ ဒေါ်ခင်မြင့်တို့မှ ဟင်္သာတမြို့ ဆန်ခါတန်းရပ်၌ မွေးဖွားခဲ့သည်။ အမည်ရင်း ဦးသန်းထွန်း ဖြစ်သည်။ မွေးချင်း မောင်နှမ ၃ ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အ.ထ.က (၁) ဟင်္သာတတွင် သတ္တမတန်း အထိ ပညာသင်ကြားခဲ့သည်။

အသက် ၁၄ နှစ် အရွယ်တွင် ပန်တျာကြည်လင်ဇာတ်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ထိုဇာတ်အဖွဲ့တွင် မီးထိုးသမား အဖြစ် ၅ နှစ်ကျော်မျှ လုပ်ကိုင်ခဲ့ပြီးနောက် ဇာတ်မင်းသမီး မအေးကြွယ်နှင့် အိမ်ထောင်ပြုခဲ့သည်။ အသက် ၂၀ အရွယ်တွင် ရွှေမန်းကျော်အောင် ဇာတ်သို့ ပြောင်းရွှေ့ခဲ့သည်။ ရွှေမန်းကျော်အောင်ဇာတ်တွင် မီးထိုးသမား အဖြစ်လုပ်ကိုင်ရင်း လူရွှင်တော် ဖြစ်လာခဲ့သည်။ ထိုစဉ်က လူရွှင်တော် အမည်မှာ "မိုးဒိ" ဖြစ်သည်။ ရွှေမန်းကျော်အောင်ဇာတ်တွင် တစ်နှစ်ခွဲမျှကြာပြီးနောက် စိန်မာဒင်ဇာတ်သို့ ပြောင်းရွှေ့ခဲ့သည်။ စိန်မာဒင်ဇာတ်တွင် ဇာတ်ဆရာ၏ ကြော်ငြာမှားယွင်း ရိုက်နှိပ်ရာမှ "မိုးထိ" ဟူသော အမည်ဖြစ်လာခဲ့သည်။ ၃ နှစ်အကြာတွင် ခင်မာချို အငြိမ့်အဖွဲ့သို့ ပြောင်းလဲပြီးနောက် မိုးဒီ ဖြစ်လာခဲ့သည်။ ထိုအငြိမ့်အဖွဲ့တွင် ၄ နှစ်ကျော်မျှ ကပြခဲ့ပြီးနောက် စိန်မာဒင်တွင် ခေတ္တခဏ ပြန်လည် ဝင်ရောက်ခဲ့သည်။ ထို့နောက် ခင်မာချို အငြိမ့်အဖွဲ့တွင် တစ်နှစ်မျှ ကပြပြီးနောက် အငြိမ့်လောကမှ အနားယူခဲ့သည်။

ထို့နောက် စိန်မာဒင် ဇာတ်အဖွဲ့သို့ ပြန်လည်ဝင်ရောက်ပြီးနောက်တွင် ပြဇာတ်မင်းသား ဒို့တင်ဌေး နှင့် တွဲဖက်၍ ကပြခဲ့သည်။ ဒို့တင်ဌေး ထွက်သွားပြီးနောက်တွင် စိန်မာဒင်ဇာတ်မှာ မိုးဝင်းဇာတ် ဖြစ်လာခဲ့သည်။ မိုးဝင်းဇာတ်တွင် မော့စ်နှင့်အတူ ၈ နှစ်ကြာမျှ ကပြခဲ့သည်။ ထို့နောက် ဦးတင်မြင့်၊ စာရေးဆရာ မောင်စိတ္တ၊ မော့စ် တို့နှင့် တွဲဖက်၍ တင်မိုးဝင်းဇာတ်ကို တည်ထောင်ခဲ့သည်။ ၃ နှစ်အကြာတွင် မိုးဒီ မော့စ် ကျွန်တော့်သဘင် ဟူသော အမည်ဖြင့် အခြားဇာတ်တစ်ခုကို ၁ နှစ်ကြာမျှ တည်ထောင်ခဲ့သည်။ ထို့နောက်တွင် ဦးစိန်ရိုးနှင့် တွဲဖက်၍ ရန်ကုန်သိန်းနိုင် အမည်ဖြင့် ဇာတ်တစ်ခုကို တည်ထောင်ခဲ့ပြန်သည်။

အရှေ့ရှေနှင့်အရှုပ်တော်ပုံ၊ မင်္ဂလာဦးည စသည့် ပြဇာတ်များကို ကပြရာမှ ပရိသတ် အား‌ပေးမှုရရှိခဲ့သည်။ ထို့နောက်း ဗီဒီယိုဇာတ်ကားများတွင်လည်း စတင်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် “ကိုးဆယ်ဆသာလိမ့်မယ်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့သည်။ ၂၀၁၀ ခုနှစ်အထိ ရုပ်ရှင်ဇာတ်ကားကြီးပေါင်း ၈၀ ကျော်၊ ဗွီဒီယိုဇာတ်ကား ၂၀၀ ကျော်တို့တွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။