မန်းဘခိုင် (၁၉၀၃ - ၁၉၄၇)

Listing Description

မန်းဘခိုင်သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

မန်းဘခိုင် သည် ဟင်္သာတမြို့မှ ၁၅-မိုင်ခန့်ဝေးသော ဟင်္သာတ-ပုသိမ် မီးရထား လမ်းပေါ်ရှိ၊ ယုန်သလင်းရွာ ရွာသူကြီး-မန်းပေကုန်း၊ ဒေါ်ပုတို့၏ ပဉ္စမသားဖြစ်သည်။ ၁၂၆၅-ခုနှစ် တန်ဆောင်မုန်းလဆန်း ၇-ရက်နေ့တွင် ယုန်သလင်းရွာတွင် မွေးဖွားသည်။

၁၉၂ဝ ခုနှစ်တွင် ၇ တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ ထို့နောက် ဘားမားရိုင်ဖယ်တပ်သို့ ဝါသနာ အလျောက်ဝင်ရာ၊ မိဘများကသဘောမတူသဖြင့် ထွက်၍ ရန်ကုန်မြို့ စေကော ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်သည်။

၁၉၂၆ ခုနှစ်တွင် မိမိလက်အောက်မှ ကရင်အမျိုးသား စာရေးတစ်ဦး ကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီမန်နေဂျာနှင့် သဘောမတိုက်ဆိုင်ဖြစ်ကာ အလုပ်မှ နုတ်ထွက်သည်။ ထိုနောက် မန်းဘခိုင်သည် ယုန်သလင်းရွာသို့ပြန်ကာ ညီအစ်ကိုများစု၍ အောင်ခင်ညီများကုမ္ပဏီ ဟူသော အမည်ဖြင့်လုပ်ငန်းတစ်ခုထောင်လျက် ရပ်သူရွာသားများ သက်သာချောင်ချိရေး အတွက် သမဝါယမနည်းဖြင့် အရောင်းအဝယ်လုပ်ကိုင်သည်။

ယင်းသို့အရောင်းအဝယ်လုပ်ရင်း ကလေးသူငယ်များ ကရင်ဘာသာကိုသင်ကြားနိုင်စေရန် မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံကာ ကျောင်းတစ်ကျောင်းဖွင့်၍ ကိုယ်ဖိရင်ဖိ စီမံအုပ်ချုပ်သည်။ အရောင်းအဝယ်ကိစ္စ၊ ကျောင်းကိစ္စများဖြင့် ရန်ကုန်သို့ မကြာခဏ ရောက်ရှိရာ ကရင်ခေါင်းဆောင်ကြီးများဖြစ်သော ဆစ်ဒနီလူနီ၊ ဆရာကြီး မန်းရွှေဘ (ဆရာရွှေဘ)တို့နှင့် တွေ့ဆုံဆွေးနွေးမိရာမှ ကရင်လူငယ်များ အသင်းကိုစတင်ဖွဲ့စည်းခဲ့သည်။

၁၉၃၇ ခုနှစ် ပုသိမ်မြောက်ပိုင်း အမတ်တစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ မန်းဘခိုင်အရွေးခံရသည်။ ၁၉၃၈-ခု မတ်လ ၂၃-ရက်နေ့တွင် ပဲခူးမြို့ သူဌေးဦးဖောက်၏ သမီးထွေး ဒေါ်ခင်နီနှင့် လက်ထပ်သည်။

၁၉၄၁-ခုနှစ်တွင် တရားရေးဌာနဝန်ကြီး စောဖေသာ၏ အတွင်းဝန်ကလေး အဖြစ်ခန့်ထားခြင်းခံရသည်။ ငှက်ပျောခြံလုပ်သော ကရင်အမျိုးသားများသာရှိပြီး ကရင် အမျိုးသားပိုင် ငှက်ပျောပွဲရုံမရှိသည်ကို တွေးမိကာ စစ်ကြီးအတွင်းက ပုဇွန်တောင်ဈေး တံတားအနီးတွင် ငှက်ပျောပွဲရုံစတင်ဖွင့်ခဲ့သည်။

ငှက်ပျောပွဲရုံလုပ်ငန်း အခြေကျသောအခါ ထိုလုပ်ငန်းကို ဇနီးသည်နှင့် လွှဲထား၍ နိုင်ငံရေးကို စိတ်ရောကိုယ်ပါ ဆောင်ရွက်ပြန်သည်။ ၁၉၄၄ နှစ်ဦးတွင် ၎င်းတို့ငှက်ပျောပွဲရုံပေါ် ဗုံးကျသဖြင့် မိသားစု ယုန်သလင်းရွာသို့ပြန်ကြသည်။ ယုန်သလင်းတွင် ကရင်လူငယ်များကိုစု၍ ဖက်ဆစ်တော်လှန်ရေးအတွက် ကိုယ်ဖိရင်ဖိဆောင်ရွက်သည်။

၁၉၄၅-ခုနှစ်တွင် စစ်ပြီး၍ ရန်ကုန်မြို့သို့ပြန်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူလက်တွဲပြီး ဖဆပလအဖွဲ့ကြီး ဖြစ်မြောက်ရေးအတွက်ကြိုးပမ်းသည်။ အဖွဲ့ကြီး ဖွဲ့စည်းပြီးသောအခါ ဗဟိုအမှုဆောင်လူကြီးအဖြစ် ဆောင်ရွက်ရသည်။ ထိုအချိန်တွင် ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရပြန်သည်။

၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြစ်ဝကျွန်းပေါ် ဖဆပလ ဖွဲ့စည်းရေး တာဝန်ခံအဖြစ်နယ်ထွက်နေစဉ် ဖဆပလအဖွဲ့ကြီးအား ဘုရင်ခံအမှုဆောင် ဝန်ကြီးအဖွဲ့ ဖွဲ့စည်းရန် ဘုရင်ခံကလွှဲအပ်သည်တွင် မန်းဘခိုင်သည် စက်မှုလက်မှုနှင့် အလုပ်သမားဌာန ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသည်။

၁၉၄၇-ခုနှစ်၊ ဇူလိုင်လ ၁၉-ရက်နေ့တွင် ဝန်ကြီးအဖွဲ့အစည်းအဝေး ကျင်းပနေစဉ် လူမသမာတို့လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်