ဆီဆိုင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေး

Listing Description

ဆီဆိုင်  နိုဝင်ဘာ  ၉

ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင်  နိုဝင်ဘာ ၈ ရက် နံနက် ၆ နာရီမှ စတင်၍  မဲရုံအသီးသီးတွင်   ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

မဲပေးရာတွင်  ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့်  ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒရှင်များအား မဲရုံတာဝန်ရှိသူများက  ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်ခြင်း၊ နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ လူမှုဝေးကွာနှင့်အညီ    နေရာချထားပေးခြင်းတို့ကို   စနစ်တကျ  ဆောင်ရွက်ပေး သည်။

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက် ခြောက်ရပ်ကွက်၊ကျေးရွာ အုပ်စု ၁၃ အုပ်စု၊ ကျေးရွာပေါင်း ၃၂၁ ရွာ၊ မဲဆန္ဒနယ်(၁)တွင် မဲရုံ ၄၀ ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် မဲရုံ ၅၃ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၁၀၆၁၆၃  ဦးရှိကာ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် မဲရုံများတွင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးကြသည်။

အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြည်သူများ စိတ်အေးချမ်းသာစွာ လျှို့ဝှက်ဆန္ဒမဲ ပေးရာတွင်  ထိခိုက်မှုမရှိအောင်  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးရဲ၊  မီးသတ်တပ်ဖွဲ့၊  ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေး ဝန်ထမ်း၊   ရပ်ကွက်/ကျေးရွာလုံခြုံရေးတို့က  လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)