မြင့်မိုးအောင်

Listing Description

တေးရေးဆရာ ကဗျာဆရာတစ်ဦး ဖြစ်သည်။ ၂၀၀၈ နိုဝင်ဘာလ၌ ပြုလုပ်ခဲ့သော အာဆီယံ ၁ဝ နိုင်ငံ အမျိုးသား သီချင်း (Anthem) ပြိုင်ပွဲတွင် ကိုယ်တိုင် ရေးသားခဲ့သော "When We Are One" သီချင်းနှင့် ဆန်ခါတင်အဆင့် အထိ ပါဝင် အရွေးခံခဲ့ရသူ ဖြစ်သည်။

မြင့်မိုးအောင်အား ၁၉၆၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် အဖ ဦးကြည်လှိုင်၊ အမိ ဒေါ်ခင်လေးမြင့်တို့က ဟင်္သာတမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံး ဖြစ်သည်။ ၅ နှစ် အရွယ် ကျောင်းနေချိန်မှ စပြီး ပုသိမ်မြို့မှာ နေထိုင် ကြီးပြင်းခဲ့သည်။ ၁၉၈ဝ အထိ ပုသိမ် အထက (၂)၊ ၁၉၈၂ အထိ ပုသိမ် ဒေသကောလိပ်၊ ၁၉၈၅ မှာ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ဝါဏိဇ္ဇဗေဒ (B.Eco.) ဘွဲ့ ရရှိခဲ့သည်။

ဂစ်တာ တီးနည်း အမျိုးမျိုးနှင့် ဂီတသင်္ကေတ ဖတ်နည်းတို့ကို စနစ်တကျ လေ့လာ သင်ကြား တတ်မြောက်ခဲ့သည်။ ၁၉၈၉ မှ ၁၉၉၂ အထိ ဇာတိ ပုသိမ်တွင် ဂစ်တာသင်တန်း ဖွင့်လှစ် ပို့ချခဲ့သည်။

၁၉၉၃ - ၉၄ တွင် အဆိုတော်သစ် ထက်နိုင်ကျော်၏ ခေါင်းစဉ် သီချင်း "အားလုံးထက် အချစ်ကို လိုတယ်" ဟူသည့် သီချင်း အပါအဝင် ကော်ပီတေးသီချင်း ၅ ပုဒ် စတင် ရေးသားကာ ဂီတလောကသို့ အခြေချခဲ့သည်။ ၁၉၉၃ တွင် ထူးအိမ်သင် ၏ စကားလုံး မရှိတဲ့ ကောင်းကင် အယ်လ်ဘမ်ကို တစ်ဦးတည်း သီချင်းများ ရေးရင်း ပရော်ဖက်ရှင်နယ် တေရေး ဆရာဘဝကို ခံယူ အသက်မွေး ဝမ်းကျောင်း ပြုခဲ့သည်။

Bec-Tero ၏ Londo Music အတွက် ချစ်သော ကမ္ဘာမြေ သီချင်းအယ်လ်ဘမ်ကို ဦးစီး စီစဉ် (Produce) လုပ်ကိုင် ထုတ်လုပ်ရာမှ တေးရေး ရွှေဂျော်ဂျော်နဲ့ ပူးတွဲ လုပ်ကိုင်ခဲ့သည်။ အမြဲစမ်း အချစ် အမည်ရ 20 Year Before သီချင်းများချည်း ပါဝင်တဲ့ အယ်လ်ဘမ်ကိုလည်း သီချင်း တစ်ပုဒ်မှလွဲ၍ အားလုံး တကိုယ်တော် ရေးသား ထုတ်လုပ်ခဲ့သည်။

သီးခြား ဝါသနာမှာ ကဗျာရေးခြင်း၊ Installation Art နှင့် ဗီဒီယို ရိုက်ကူးခြင်း ဖြစ်ကာ၊ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် GEM (General English Magazine) မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ ငါး အမည်ရ ကဗျာဖြင့် လပွတ္တာမြို့နယ်က စီစဉ် ချီးမြှင့်သော 'ရသကမ်းခြေ' ဟေမန္တ ကဗျာဆုကို ဆွတ်ခူး ရရှိခဲ့သည်။