ဦးဖိုးကျား ကို ဟင်္သာတနယ်ရှိ နိဗ္ဗာန်ရွာ တွင် ဦးဖေ၊ ဒေါ်ဒေါင်း တို့မှ ၁၈၉၁ ခုနှစ်တွင် ဖွားမြင်သည်။ မွေးချင်းလေးယောက်ရှိသည့်အနက် ဦးဖိုးကျားမှာ တတိယမြောက်သား ဖြစ်သည်။ လောကဓာတ်ကျောင်းမှာ ဦးသာသန ဦးစီးတည်ထောင်သော လောကဓာတ်ကျောင်းဖြစ်၍ ငယ်စဉ်ကပင် ပင်ကိုဉာဏ်ကောင်းသူ ဖြစ်သောကြောင့် ထိုခေတ်အစိုးရစစ်လေးတန်းကို အလွယ်နှင့် အောင်မြင်၍ ငါးတန်းကျောင်းသားဘဝတွင် အောက်အငယ်တန်းများကို သင်ပေးရသော ကိုဖိုးကျားသည် ကောလိပ်ကျောင်းတက်ရင်း လူမှုရေး၊ နိုင်ငံရေးတွင် ပို၍ စိတ်ဝင်စားလာမိလေသည်။ အိုင်အေ (ဥပစာတန်း) ကို ဒုတိယအဆင့်ဖြင့် အောင်မြင်သည်။ ဆရာတော်ဦးသုန္ဒရက ကူညီ၍ ပုသိမ်မြို့ ပိုးကရင်ကျောင်းအကြီးအကဲ “ဒေါက်တာ ခရွန်းခိုက်” နှင့်တွေ့ဆုံကာ “ဒေါက်တာခရွန်းခိုက်” ၏ခွင့်ပြုချက်ဖြင့် ပိုးကရင် အလယ်တန်းကျောင်း၌ ဆက်လက်ပညာသင်ကြားခွင့် ရခဲ့ရလေသည်။
ထိုကျောင်းမှ ဦးဖိုးကျားသည် ၁၉၁၅ ခုနှစ်တွင် အင်္ဂလိပ်နှင့် တိုင်းရင်းဘာသာ ၇ တန်းကို ဖြေဆိုအောင်မြင်ခဲ့၏။ ထိုကျောင်း၌ သုံးနှစ်ဆက်၍ ပညာသင်ကြားခွင့်ရ၏။ ၁၉၁၈ အသက် ၂၇ နှစ် အရွယ်တွင် ဆယ်တန်းကို အောင်မြင်ခဲ့လေတော့သည်။
ဆယ်တန်းအောင်ပြီးနောက် ရန်ကုန်မြို့ ဂျပ်ဆင်ကောလိပ်သို့ ရောက်ကာ ပညာဆက်၍သင်သည်။ ကောလိပ်ကျောင်းတွင် မြန်မာစာ၏ အခြေအနေသည် အလွန်သိမ်ငယ်လှ၏။ မပါမဖြစ်၍သာ ပြဋ္ဌာန်းစာအုပ်ဖြင့် သင်ကြားရသည် မှန်သော်လည်း စာမေးပွဲများတွင် မေးလေ့မရှိ၊ စာစီစာကုံး အနေဖြင့် အထောက်အကူရရန်သာ သင်ကြားခြင်းဖြစ်ရာ ထိုခေတ်ကောလိပ်ကျောင်းသား တို့သည် မြန်မာစာကို အရေးထားလောက်စရာဟုပင် မထင်ကြချေ။ ဤအခြေအနေကို မောင်ဖိုးကျားက မနှစ်မြို့သဖြင့် မြန်မာစာနှင့်ပတ်သက်လျှင် ထိုခေတ်ကနာမည်ကျော်များ ဖြစ်ကြသော ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) လယ်တီပဏ္ဍိတဦးမောင်ကြီးတို့နှင့် သိကျွမ်းခင်မင်မှုရယူကာ ဆည်းကပ်၍ ပညာသင်ယူ ခဲ့သည်။ ထိုဆရာကြီးများနှင့် ရင်းနှီးလာမှပင် လူမှုရေး၊ နိုင်ငံရေး၊ မျက်စိပွင့်လာ၍ နိုင်ငံရေး၌ ခြေတစ်ဖက်ချမိ ရပြန်တော့၏။ဆရာဘဝကိုလည်းတွဲ၍ လုပ်ခဲ့ရသေးသည်။
ဦးဖိုးကျားသည် ရက်ခြားထုတ် မြန်မာ့အလင်းသတင်းစာတွင် 'ကျား' ဟူ၍ လက်မှတ်ထိုး၍ ရံဖန်ရံခါ ဆောင်းပါးဝင်ရေးလေသည်။ ၁၉၂၄ ခုနှစ်တွင် ဦးဖိုးကျားသည် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်၏ အတ္ထုပ္ပတ္တိကို တစ်အုပ်တည်း ပူးပေါင်း၍ အုပ်ရေတစ်ထောင် ထုတ်ဝေလိုက် လေသည်။ မြန်မာရာဇဝင်တွင် ထင်ရှားကျော်ကြားသူ များ၏ ကြောင်းရာထုပ္ပတ်ဖြစ်သော 'မြန်မာ့ဂုဏ်ရည်'၊ သပိတ်အရေးတော် ပုံအတွင်း ဦးဖိုးကျားနှင့် ကျောင်းသားအများ မှီခိုခဲ့ရသော 'ကျောင်းတော်ရာ ရွေကျင်ဆရာတော်ဘုရား ထေရုပ္ပတ္တိ'၊ မြန်မာစကားဟောင်းများ၏ အနက်ဖော်သော 'ပေါရာဏအဘိဓာန်'၊ 'ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်အတ္ထုပ္ပတ္တိ' ပေါင်း လေးအုပ်ဖြစ်ကြသည်။ ပုံနှိပ်တိုက်ကိုလည်း ‘မြန်မာ့ဂုဏ်ရည်ပုံနှိပ်တိုက်’ဟု အမည်မှည့်လိုက်လေသည်။ ၁၉၄ဝ ပြည့်နှစ်ထဲတွင် 'မြောက်ပိုင်း ဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း' အမည်ဖြင့် စာအုပ်ကို ဦးဖိုးကျား ရေးထုတ်လေသည်။
ထိုမှစကာ အရှိန်ရလာသဖြင့် သုံးလေးနှစ်အတွင်း တစ်နှစ်တစ်အုပ် ဆိုသလို ဆက်တိုက်ရေးသား ထုတ်ဝေခဲ့၏။ စာအုပ်ထုတ်ရင်းနှင့်လည်း မကြာမကြာ ဆောင်းပါးကိုလည်း ရေးတတ်သေး၏။ “ဇေယျ” မဂ္ဂဇင်းနှင့် “ကဝိမျက်မှန်” မဂ္ဂဇင်းထဲ၌လည်း သူ့ဆောင်းပါး မှန်မှန်ပါတတ်၏။ ဤတွင် ဦးဖိုးကျား ရေးခဲ့သော (မြန်မာပြည်သူရှင်လူအများ ကျောင်းသားများပါမကျန် စံနမူနာယူလောက်စရာ) “မြန်မာ့ဂုဏ်ရည်” စာအုပ်ကား အလွန်ထင်ရှား၏။ မြန်မာရာဇဝင်တွင် ထင်ရှားသော ပုဂ္ဂိုလ်ကျော်တို့၏ အထ္ထုပ္ပတ္တိ ၁၃၇ ပုဒ်ပါဝင်အောင်ပင် ရေးပြနိုင်ခဲ့လေသည်။
၁၉၂၉-မေလတွင် မောင်ဖိုးကျားသည် ဦးမောင်ကလေး-ဒေါ်ဒေါ်သိန်းတို့၏သမီး မအေးကြည်နှင့် အကြောင်းပါ၏။ မောင်ဇော်ဝင်းဟူသော သားတစ်ယောက် ထွန်းပေါက်ခဲ့ရ၏။ နောင်သော် ဦးဖိုးကျားသည် ကိုယ်ပိုင်ပုံနှိပ်တိုက်တစ်ခု ထူထောင်၍ တိုင်းပြည်နှင့် လူမျိုးအကျိုးရှိမည်ထင်သော စာပေအနုပညာ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး ဆိုင်ရာစာပေတို့ကိုသာ တွင်တွင်ကြီးရိုက်နှိပ်၍ ထုတ်ဝေနေလေတော့သည်။ ကိုယ်ပိုင်ပုံနှိပ်တိုက်၏ အကျိုးကျေးဇူးကြောင့် မဂ္ဂဇင်းဂျာနယ်များတွင် သူကိုယ်တိုင်ရေးသားခဲ့သော စာတိုပေစတို့ကို လုံးခြင်းအဖြစ် ထုတ်ဝေခွင့်ရခဲ့၏။ ထိုစာအုပ်များထဲတွင် အများသိထင်ရှားသော “အရက်သမား” လိုဝတ္ထုမျိုး “အခမဲ့ကူလီထမ်းခြင်း အကျိုး” ကဲ့သို့သော စာကောင်းပေမွန်များလည်း ပါလေသည်သာ ဖြစ်လေသည်။
ကိုဖိုးကျားသည် နိုင်ငံရေးတွင် ခြေတစ်ဘက် ဝင်လာခဲ့ပြီ ဖြစ်လေသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလထဲတွင် အင်္ဂလန်သွား မြန်မာကိုယ်စား လှယ်များသည် ရန်ကုန်သို့ ပြန်ရောက်သည်ကို ကြိုဆိုခြင်းဖြင့် ဝင်ရောက်ခဲ့သည်။ ကောလိပ်ကျောင်းကို သပိတ်မှောက်ရန်အတွက် ဗဟန်းကြားတော ရလမ်းထဲရှိ ဦးအရိယကျောင်းတိုက်၌ ကောလိပ်ကျောင်းသားထု အစည်းအဝေးလုပ်စဉ်တွင် ဂျပ်ဆင်ကောလိပ်ကျောင်းသားများပါ တက်ရောက်ကြလေရာ ကိုဖိုးကျားလည်း ပါဝင်ခဲ့လေသည်။
ထိုမှစ၍ မောင်ဖိုးကျားသည် နိုင်ငံရေး၌ ထဲထဲဝင်ဝင်ဖြစ်လာကာ သူနှင့်နိုင်ငံရေး၌ အယူအဆတူကြသူများဖြစ်သော ကိုဖိုးလတ်၊ ကိုမြင့်၊ ကိုလူဖေဝင်း၊ ကိုဖိုးကွန်းအစရှိသူတို့နှင့်ပူးပေါင်း၍ ပညာမင်းကြီး “မတ်ဟန့်တား” ဦးဆောင်၍ တင်သွင်းသော တက္ကသိုလ်အက်ဥပဒေ” ကိုသပိတ်မှောက်ရာ၌ သပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ရှေ့တန်းမှလှုပ်ရှားသူ တစ်ဦးဖြစ်၍ လာရလေတော့သည်။ ထိုမှစကာ အင်္ဂလိပ်တို့သင်ပေးသော ကိုလိုနီပညာရေးစနစ်ကို ဆန့်ကျင်သောအားဖြင့် အမျိုးသားကျောင်းများကို စတင်တည်ထောင်သောအခါ မောင်ဖိုးကျားသည် အမျိုးသားပညာရေး ကောင်စီမှ တည်ထောင်သော ဗဟန်းအမျိုးသားကျောင်းတွင် ဦးစွာကျောင်းအုပ် ဖြစ်လာရ၏။
သို့သော် အမျိုးသားကျောင်းများကို အစိုးရက အားမပေးသဖြင့် ကျောင်းအဆောက်အအုံက မရှိ၊ ရရာဘုန်းကြီးကျောင်းလို နေရာမျိုးတွင် ဖြစ်သလို အခြေအနေပေးသမျှနှင့် ဖွင့်ရ၏။ ကျောင်းဆရာဘဝကား လခလည်း ရတစ်ချက် မရတစ်ချက်၊ စာသင်တစ်ဖက်နှင့် ကျောင်းရန်ပုံငွေလည်း ရှာရသဖြင့် အတော်ပင် ခက်ခက်ခဲခဲနှင့် ကြိုးပမ်းစားရပ်တည်နေရသည် မှန်သော်လည်း မောင်ဖိုးကျားကား တစ်ပြားသားမျှ စိတ်အားမလျှော့ချေ။ နောင်သော် အစိုးရနှင့် အမျိုးသားပညာရေး ကောင်စီတို့ နှစ်ဦးနှစ်ဖက်ဆွေးနွေး သဘောတူညီချက်ဖြင့် အစိုးရ၏ အထောက်အပံ့ကို ရယူသော်လည်း အမျိုးသားပညာကျောင်းများကို ကိုယ်တိုင်အုပ်ချုပ်ခွင့် စိတ်ကြိုက်သင်ခန်းစာများကို ရေးဆွဲခွင့်ရကာ ပညာသင် ကျောင်းသားများအတွက် တစ်ဦးလျှင် ၁၅ ကျပ်နှုန်းဖြင့် အစိုးရ၏ အထောက်အပံ့ကို ရခဲ့လေသည်။
ထို့နောက် သပိတ်မှောက် ကျောင်းသားအများအပြား တက္ကသိုလ်သို့ပြန်ဝင်ကာ ကျောင်းဆက်တက်ခဲ့ကြသော်လည်း မောင်ဖိုးကျားကား အမျိုးသားပညာရေး ကောင်စီအောက်၌ပင် ဆက်လက်၍ အမှုထမ်းခဲ့၏။ ဘီအေဘွဲ့ကိုလည်း သူမမက်ပြီ၊ ထောင်ချီ၍လခရသော အစိုးရအမှုထမ်းဘဝကိုလည်း သူ မလုပ်လိုသဖြင့် အမျိုးသားပညာဝန်ဘဝဖြင့် သူ့ရှေ့ခရီးကို မှန်မှန်ပင်ချီတက် ခဲ့ပြန်လေသည်။
ပညာဝန်ဘဝကား အလွန်အလုပ်များလှ၏။ စာမေးပွဲစစ်ရ၊ နယ်သို့ကျောင်းစစ်ထွက်ရနှင့် မအားနိုင်အောင်ပင် ရှိလှသည်။ သို့သော်သူသည် ရုံးအလုပ်ဖြင့်သာ အချိန်ကုန် နေတတ်သူမဟုတ်။ စာတွေ့ကိုယ်တွေ့ ဗဟုသုတကို အမြဲရှာမှီး နေတတ်သူဖြစ်ရာ မြန်မာစာနှင့် ပတ်သက်လျှင် သက်ရှိအဘိဓာန်ဟူ၍ တင်စားခေါ်ဝေါ်လောက်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှ မြန်မာရာဇဝင်ထုံး တီးနည်းနာအဖြာဖြာတို့ကိုသာ မှတ်သားခွင့် ရသည်မဟုတ်မူဘဲ ဆရာကြီး ညွှန်ပြရာ ထို ထိုစာတို့ကိုလည်း အမြဲမပြတ် ရှာဖွေဖတ်မှတ် နိုင်ခဲ့လေသည်။ နောင်သော် ဤဗဟုသုတတို့ကို မြန်မာလူငယ်များ မှတ်သားသိရှိနိုင်ရန် စာရေးလိုစိတ် ဖြစ်ပေါ်လာသဖြင့် ၁၉၂၄ ခု နှစ်တွင် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန် အတ္ထုပ္ပတ္တိတို့ကို စာတစ်အုပ်ရေးသားကာ စတင်ထုတ်ဝေနိုင်ခဲ့၏။
၁၉၄၂ ခု ဧပြီ ၁၁ ရက်တွင် အမျိုးသားပညာဝန် စာရေးဆရာကြီး ဦးဖိုးကျားသည် ခြေထောက်အနာပေါက်၍ တနေ့တခြား အနာတိုးကာ ရန်ကုန်တိုင်းဒေသကြီး ထန်းတစ်ပင်မြို့၌ ကွယ်လွန်ခဲ့သည်။
ရေးသား ထုတ်ဝေ ပြီးသော စာအုပ်များ
ကိုယ်တွေ့ ဝတ္တုများ
ခေတ်မီ မြန်မာရာဇဝင် အကျဉ်းချုပ် - ၁၉၃၇ ခုနှစ်
ငါးရာ့ ငါးဆယ် ကောက်နုတ်ချက်များ
ပုသိမ်ရာဇဝင် - ၁၉၂ဝ ပြည့်နှစ်
ပေါရာဏ အဘိဓာန်
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ
ဦးထွန်းရှိန် အတ္ထုပ္ပတ္ထိ- ၁၉၂၃ ခုနှစ်
ဦးပုည အတ္ထုပ္ပတ္ထိ နှင့် ရေသည်ပြဇာတ်
ဦးပုည အတ္ထုပ္ပတ္ထိ နှင့် ဝိဇယပြဇာတ်
ရေးသားခဲ့သည့် ဝတ္ထုတိုများ
ကျွန်ုပ် အလိမ္မာတိုးသောနေ့ ( စာပန်းချီ မတ် ၁၉၅၉)
ခြောက်ပစ်ကင်း ( စာပန်းချီ နို ၁၉၅၇)
ဂျပိုး ( ကြီးပွားရေး ဒီ ၁၉၃၈)
မသစ် (အမျိုးသားပညာရေး မေ ၁၉၃၂)
မောင်ဘစီ ( တိုးတက်ရေး ဒီ ၁၉၃၃)
မယ်ဒုက္ခ ( တိုးတက်ရေး ဧ ၁၉၃၅)
လူသူတော် (စာပန်းချီ ဒီ ၁၉၅၈)
ဝမ်းမနာသမီးတစ်ယောက် ခဏလောက်ရခြင်း ( ကဝိမျက်မှန် စက် ၁၉၂၈)
အရက်သမား (စာပန်းချီ အောက် ၁၉၇၅)
ရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုရှည်များ
မင်းကတော် (တိုးတက်ရေး စက် ၁၉၃၈)
ရိုစီ ခင်တင့်ထူး (စာပန်းချီ အောက် ၁၉၃၈)
လွဲသော အကြွား ( တိုးတက်ရေး အောက် ၁၉၃၄)
အခမဲ့ကူလီထမ်းခြင်း၏ အကျိုး (တိုးတက်ရေး ဖေ ၁၉၃၄)
မြို့အုပ်မင်း (တိုးတက်ရေး ဧ ၁၉၃၄)
လူရိုး (တိုးတက်ရေး ဩ ၁၉၃၈)
ရေးသားခဲ့သော ဆောင်းပါးများ
ထားဝယ်မြို့သို့ သွားခြင်း (ကဝိမျက်မှန် ဒီ ၁၉၂၇)
ပုလောမြို့နယ်နှင့် တနင်္သာရီမြို့သို့ သွားခြင်း (အမျိုးသားပညာရေး အောက် ၁၉၃၀)
ပုပ္ပါးတောင်သို့ သွားစခန်း (အမျိုးသားပညာရေး ဩ ၁၉၃၀)
ဖိုးဝန်းတောင် (အမျိုးသားပညာရေး စက် ၁၉၃၀)
ဗဟုသုတခဏ်း စက်တော်ရွာ (အမျိုးသားပညာရေး နို ၁၉၃၀)
ဘုရားဖူး သွားခြင်း (တိုးတက်ရေး မေ ၁၉၃၄)
မတ္တရာမြို့ သွားစခန်း (အမျိုးသားပညာရေး ဒီ ၁၉၃၀)
မြိတ်မြို့သို့ သွားခဏ်း (ကဝိမျက်မှန် ဖေ ၁၉၂၈)
ရခိုင်ပြည် စစ်တွေမြို့သို့ သွားခြင်း (အမျိုးသားပညာရေး စက် ၁၉၂၉)