ဂုဏ်ယူဆင်နွှဲ ဆရာကြီးဦးဖေမောင်တင်ရုပ်တုဖွင့်ပွဲ

Listing Description

ဒေါက်တာအောင်မြင့်ဦး

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုကာလဖြစ်သည့် ၂ဝ၁၈ ခုနှစ်ခန့်ကပင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာ ဆရာမများ၊ မြန်မာစာဌာနတွင် ပညာဆည်းပူးခဲ့ကြသော ကျောင်းသူ ကျောင်းသားဟောင်းကြီးများ၊ လက်ရှိပညာဆည်းပူးလျက်ရှိကြသော မျိုးဆက်သစ် ကျောင်းသူ ကျောင်းသားများ အားလုံး၏ ရင်ထဲတွင် ပြင်းပြသောစိတ်ဆန္ဒတစ်ခု ကိန်းအောင်းလျက် ရှိနေခဲ့ပါသည်။ ယင်းစိတ်ဆန္ဒမှာ ၂ဝ၂ဝ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလတွင် မြန်မာစာဌာန အနေဖြင့် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနိုင်ရေးပင် ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ကာလတွင် မြန်မာစာဌာန က တစ်တပ်တစ်အား ပါဝင်ဆင်နွှဲနိုင်ရေးအတွက် အရင်းခံဖြစ်စေခဲ့သည့် တွန်းအားတစ်ရပ်မှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ကျင်းပခဲ့သည့် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန တည်ထောင်ခြင်း ၇၅ နှစ်ပြည့် စိန်ရတု သဘင်အခမ်းအနားကြီးပင် ဖြစ်ပါသည်။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ် စတင် တည်ထောင်စဉ်အချိန်က မြန်မာစာဌာနသည် သီးခြား ဌာနအဖြစ် ရပ်တည်နိုင်ခြင်း မရှိသေးပါ။ ၁၉၄၁ ခုနှစ် တွင်မူ ဆရာကြီး ဦးဖေမောင်တင်၏ ကြိုးပမ်းမှုဖြင့် မြန်မာ စာဌာနသည် ရန်ကုန်တက္ကသိုလ်၌ သီးခြားဌာနအဖြစ် ရပ်တည်နိုင်ခဲ့ပါ သည်။ မြန်မာစာဌာနတည်ထောင်သည့် ၇၅ နှစ်ပြည့်မြောက်သော ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာစာဌာန စိန်ရတုသဘင်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။

မြန်မာစာဌာန စိန်ရတုသဘင်ကို အကြောင်းပြု၍ မြန်မာစာ ကျောင်းသား ကျောင်းသူဟောင်းကြီးများ၊ မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၊ လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဆရာ ဆရာမများ သည် တစ်ပေါင်းတစ်စည်းတည်း အင်အားစုစည်း မိခဲ့ကြပြီး မကြာမီ ကျရောက်တော့မည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုကာလနှင့် ရာပြည့်ပွဲသဘင်ကြီးတွင် အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲရန် အားခဲခဲ့ကြပါသည်။

၂ဝ၁၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ကျောင်းသားဟောင်းများအသင်းကို တရားဝင် ဖွဲ့စည်းနိုင် ခဲ့ပြီး မြန်မာစာ ကျောင်းသားဟောင်းများအသင်း၊ မျိုးဆက်သစ်ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမ များသည် ဆွေးနွေးပွဲများ ပုံမှန်ကျင်းပပြီး ဌာန၏ ပုံမှန် လှုပ်ရှားမှုများသာမက ရန်ကုန်တက္ကသိုလ် ရာပြည့် အကြိုကာလနှင့် ရာပြည့်သဘင်ပွဲတော်ကြီးတွင် ပါဝင် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အကြိမ်ကြိမ် ဆွေးနွေး ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲများတွင် ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်၍ဖြစ်စေ၊ ပညာရပ်ဖွံ့ဖြိုးရေးသုတေသနဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်၍ဖြစ်စေ၊ မြန်မာစာဌာနနှင့် ပတ် သက်၍ဖြစ်စေ ဂုဏ်ပြုအထိုက်ဆုံးသော၊ ကျေးဇူးဆပ် အထိုက်ဆုံးသော ပုဂ္ဂိုလ်ကြီးတစ်ဦးကို ကြေးရုပ်တုပြုလုပ် ကာ မြန်မာစာဌာနတွင် ဂုဏ်ပြုထားရှိသင့်ကြောင်း ရလဒ် တစ်ခု ပေါ်ထွက်လာခဲ့ပါသည်။ ကြေးရုပ်တု ပြုလုပ်ထားရှိ ကာ ဂုဏ်ပြုမည့် ပုဂ္ဂိုလ်ကြီးကား အခြားသူမဟုတ်။ ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးသော မြန်မာလူမျိုး ကျောင်းအုပ်ကြီး၊ မြန်မာစာဌာနကို စတင်တည်ထောင် ပေးခဲ့သူ မြန်မာစာဌာန၏ ဖခင်ကြီး ဆရာကြီး ဦးဖေမောင်တင်ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ ရန်ကုန်တက္ကသိုလ် မပေါ်ပေါက်မီ ကိုလိုနီခေတ်တွင် ဆရာကြီး ဦးဖေမောင်တင်သည် မြန်မာ လူမျိုးများထဲမှ ရှားရှားပါးပါး ပညာတတ်တစ်ဦး ဖြစ်ပါသည်။ ၁၉၀၉ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ထိုစဉ်က ဘီအေဘွဲ့ရရှိသူ ကိုးဦး သာ ရှိခဲ့ပါသည်။ ဘီအေဘွဲ့ရလျှင် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားမှ ရာထူးဌာနန္တရ ကြီးကြီးမားမားရနိုင်သော်လည်း ဆရာကြီး ဦးဖေမောင်တင်သည် တက္ကသိုလ်ဆရာအဖြစ် သာ ခံယူခဲ့သည်။ ထိုအချိန်က ရန်ကုန်ကောလိပ်တွင် အင်္ဂလိပ်လူမျိုးများထဲ၌ ပါဠိတတ်သူ မရှိသည့်အတွက် ပါဠိတတ်သည့် ဆရာကြီး ဦးဖေမောင်တင်ကို ဆရာခန့်အပ် ခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်မှ အမ်အေဘွဲ့ကို ရရှိသည်။

ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်တက္ကသိုလ် တစ်ခုအဖြစ် ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ပေါက်လာစေရေး အတွက် ကြိုးပမ်းသူများတွင် ဆရာကြီးဦးဖေမောင်တင် သည် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် တည်ထောင်ရန် ၁၉၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ သော တက္ကသိုလ်ဖြစ်မြောက်ရေးအဖွဲ့ (University Standing Committee) တွင် ဆရာကြီး ဦးဖေမောင်တင် သည် တစ်ဦးတည်းသော မြန်မာလူမျိုး အဖွဲ့ဝင်ဖြစ်သည်။ ဤအချက်ကပင် ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်လာခြင်း သည် ဆရာကြီး ဦးဖေမောင်တင်၏ ကျေးဇူးမကင်းကြောင်း ထင်ရှားပါသည်။ ပညာရပ်နယ်ပယ်တွင် အင်္ဂလိပ် ဝေါဟာရများ လွှမ်းမိုးနေချိန်တွင် ပညာရပ်အခေါ်အဝေါ် များကို မြန်မာမှုပြုနိုင်ရန် ဆရာကြီး ဦးဖေမောင်တင်သည် အခြားသော မြန်မာပညာရှင်များနှင့် ပူးပေါင်းကာ ကြိုးပမ်း ခဲ့သည်။ ရန်ကုန်ယူနီဗာစီတီကို “ရန်ကုန်တက္ကသိုလ်”ဟု ခေါ်တွင်နိုင်ခဲ့ခြင်းသည်ပင် ဆရာကြီး ဦးဖေမောင်တင်၏ ဦးဆောင်ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပါသည်။

ဗြိတိသျှအစိုးရသည် ဆရာကြီး ဦးဖေမောင်တင်ကို ရန်ကုန်တက္ကသိုလ်၏ အနာဂတ်အတွက် ရည်မှန်းထား ခဲ့ဟန်ရှိပါသည်။ သူတို့ရည်မှန်းထားသူသည် “အင်္ဂလန် နိုင်ငံလုပ်” (Made in England) ဖြစ်ရန် လိုအပ်သည့် အလျောက် ပညာထူးချွန်သည့် ဆရာကြီး ဦးဖေမောင်တင် ကို ၁၉၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်း ရန်ကုန်တက္ကသိုလ် တည်ထောင်ခါနီးတွင် ဗြိတိသျှအစိုးရသည် ဆရာကြီး ဦးဖေမောင်တင်ကို အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် သို့ ပညာသင်စေလွှတ်ခဲ့ပါသည်။ ၁၉၂၂ ခုနှစ်တွင် အောက်စဖို့ဒ်တက္ကသိုလ် အက်ဇီတာကောလိပ် (Exeter College) မှ ဘီလစ်ဘွဲ့ (B.Litt) ကို ရရှိခဲ့သည်။ ၁၉၂၃ ခုနှစ် အောက်စဖို့ဒ်တက္ကသိုလ်တွင် အင်္ဂလိပ်စာပေသမိုင်းကို ဆက်လက်သင်ယူခဲ့သည်။

ထို့နောက် လန်ဒန်တက္ကသိုလ်တွင် ဒေါက်တာဘလက် ဒင် (Dr.Blagden) ထံ၌ ရှေးဟောင်းမွန်ကျောက်စာ သင်တန်းကို တက်ရောက်ခဲ့သည်။ ထိုစဉ်က ဆရာကြီး လေ့လာဆည်းပူးခဲ့သော မွန်ကျောက်စာလေ့လာမှုသည် နောင်အခါတွင် မြန်မာနိုင်ငံ၏ ရှေးဟောင်းမွန်ကျောက်စာ လေ့လာမှုအတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့ပါသည်။

ဆရာကြီးသည် အင်္ဂလန်နိုင်ငံ အက်ဇီတာကောလိပ် ၌ ပညာသင်ယူနေစဉ်တွင် ဗုဒ္ဓဘာသာကို အနောက် ကမ္ဘာက ပိုမိုသိရှိလာအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါသည်။ ထိုကာလတွင် အဋ္ဌသာလိနီနှင့် ဝိသုဒ္ဓမဂ်အဋ္ဌကထာတို့ကို အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့သည်။ ဝိသုဒ္ဓိမဂ်သည် အလွန် ခက်ခဲနက်နဲသော ကျမ်းဖြစ်ပြီး အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ရန် မည်မျှခက်ခဲပင်ပန်းမည်ဆိုသည်မှာ ဆိုဖွယ်ရာ မရှိပါ။ ဆရာကြီးသည် အင်္ဂလိပ်စာကျွမ်းကျင်နိုင်နင်းပြီး ပါဠိ ဘာသာကို အဆင့်မြင့်မြင့် သင်ယူခဲ့သူဖြစ်ရာ ဆရာကြီး၏ ဘာသာပြန်ကို အင်္ဂလိပ်ပညာရှင်များကပင် “အလွန်ဖတ် ချင့်စဖွယ်စာဟန်” (very readable flow) ဖြင့် ရေးသား နိုင်သည်ဟုပင် ချီးကျူးခဲ့ကြရသည်။

အဋ္ဌသာလိနီ [The Expositor (Atthasalini)] ပထမ တွဲနှင့် ဒုတိယတွဲတို့ကို ၁၉၂ဝ ပြည့်နှစ်နှင့် ၁၉၂၁ ခုနှစ်တို့တွင်လည်းကောင်း၊ ဝိသုဒ္ဓိမဂ် (The Path of Purity: being a translation of Buddhaghosa's Visuddimagga) ပထမပိုင်း၊ ဒုတိယပိုင်း၊ တတိယပိုင်းတို့ကို ၁၉၂၃၊ ၁၉၂၉၊ ၁၉၃၁ ခုနှစ်တို့တွင်လည်းကောင်း လန်ဒန်ပါဠိစာပေ အသင်း စာစဉ်အဖြစ် ထုတ်ဝေခဲ့သည်။ ဆရာကြီး၏ ဗုဒ္ဓ ဘာသာအပေါ် ထားရှိသည့်စေတနာနှင့် စွမ်းဆောင်ချက် ကြောင့် အနောက်နိုင်ငံများက ဗုဒ္ဓဘာသာကို ပိုမိုသိရှိ လာခဲ့ကြပါသည်။

၁၉၂၄ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်ခဲ့ပြီး ထိုအချိန်၌ စတင်ထူထောင်ဖွင့်လှစ်သည့် အရှေ့တိုင်း ပညာပါမောက္ခ (Professor of Oriental Studies) အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ဆရာကြီး ဦးဖေမောင်တင်သည် ပါဠိစာပေပြန့်ပွားရေး သာမက မြန်မာစာပေထွန်းကား ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ထိုစဉ်က ဗြိတိသျှအစိုးရသည် မြန်မာစာပေဟူ၍ ရှိသည်ဟုပင် မယူဆသဖြင့် မြန်မာစာပေသည် များစွာအောက်ကျ နောက်ကျ ဖြစ်နေခဲ့ရသည်။ ဆရာကြီးသည် ထိုနှစ်တွင်ပင် မြန်မာစာ သင်ကြားရေးအတွက် ဂန္ထဝင်မြောက် ရှေးဟောင်းမြန်မာစာပေများကို စုဆောင်းတည်း ဖြတ်ခဲ့ သည်။ ရေးသားပြုစုခဲ့သည်။ မြန်မာစာသင်ကြားရေးကို ချဲ့ထွင်ပေးရန် ရန်ကုန်တက္ကသိုလ်ဆီးနိတ်အဖွဲ့သို့ အရေးဆိုခဲ့သည်။ ထို့ကြောင့် တက္ကသိုလ်ဆီးနိတ်က ကျောင်းသားတိုင်း မြန်မာစာကို မသင်မနေရ ဘာသာ အဖြစ် ဥပဒေထုတ်ပေးခဲ့ရသည်။

၁၉၂၅ ခုနှစ်တွင် မြန်မာစာဝိဇ္ဇာဂုဏ်ထူးတန်းကို ဖွင့်လှစ်နိုင်ခဲ့သည်။ ပထမဆုံး မြန်မာစာဂုဏ်ထူးတန်း ကျောင်းသားမှာ မောင်စိန်တင် (သိပ္ပံမောင်ဝ) ဖြစ်သည်။ ဆရာကြီးကြိုးပမ်းခဲ့သော မြန်မာစာပေသည် မောင်စိန် တင်၊ မောင်သိန်းဟန်(ဇော်ဂျီ)၊ မောင်ဝန်(မင်းသု၀ဏ်) စသည့် တပည့်များရောက်ရှိလာချိန်တွင် ခေါင်းထောင်စ ပြုလာခဲ့သည်။ “တပည့်သည် ဆရာထက်တော်ရမည်” ဆိုသော ဆရာကြီး၏ စကားသည် သင်ကြားရေးအတွက် လမ်းညွှန်ချက်သဖွယ် ဖြစ်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ရေးသားပြီး ဆရာကြီးတည်းဖြတ်ကာ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းမှ ထုတ်ဝေခဲ့သော “ခေတ်စမ်းပုံပြင်များ” စာအုပ်နှင့် “ခေတ်စမ်းကဗျာများ” စာအုပ်တို့သည် မြန်မာစာပေကို “ခေတ်စမ်းစာပေ” အမည်ဖြင့် စာပေတစ်ခေတ် ဆန်းသစ်စေခဲ့သည်။

ထိုအချိန်က တက္ကသိုလ်အာဏာပိုင် အင်္ဂလိပ်လူမျိုး များသည် မြန်မာစာကို သာမက မြန်မာရာဇဝင်ကိုလည်း များစွာ အထင်အမြင်သေးခဲ့ကြသည်။ မြန်မာရာဇဝင်ကို ဒဏ္ဍာရီပုံပြင်မျှလောက်သာ သဘောထားခဲ့ကြသည်။ ထို့ကြောင့်လည်း ဆရာကြီးသည် ကျောက်စာများကို အထောက်အထားပြုပြီး သမိုင်းသင်နိုင်ရန် ကြိုးစားခဲ့ သည်။ မြန်မာစာပေနှင့် မြန်မာရာဇဝင်သည် ဘက်ညီညီ ကြီးပွားမှ ဖြစ်မည်ဟု ယုံကြည်ယူဆခဲ့သည်။ အတိုက် အခိုက်များကြားမှ မြန်မာသမိုင်းသင်ကြားရေးအတွက် အားထုတ်ခဲ့သည်။ မြန်မာစာပေနှင့် မြန်မာ့သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော၊ လွန်စွာကျေးဇူးကြီးမားလှသော တိုင်းရင်းမြန်မာကျောက်စာထုပ်ကြီး (Inscriptions of Burma) ငါးတွဲကို ပါမောက္ခလုစ် (G.H. Luce) နှင့် တွဲဖက် ကာ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။

ဆရာကြီး ဦးဖေမောင်တင်သည် ပါဠိ၊ မြန်မာစာ၊ သမိုင်းဘာသာရပ်များအတွက်သာ အကျိုးပြုခဲ့သူ မဟုတ် ပါ။ သိပ္ပံပညာရပ်ကို မြန်မာလူမျိုးများ ရင်းနှီးကျွမ်းဝင်ပြီး လက်လှမ်းမီစွာ လေ့လာနိုင်အောင် ကြိုးပမ်းအားထုတ် ခဲ့သူလည်း ဖြစ်ပါသည်။ ၁၉၂၉ ခုနှစ်တွင် ဆရာကြီး ဦးဖေမောင်တင်သည် ပါမောက္ခအင်ဒရာဒေ (Professor Andrade) ၏ ''The Atom'' ကျမ်းကို “အနုမြူ” အမည်ဖြင့် မြန်မာပြန်ဆိုခဲ့သည်။ တစ်ဖန် ဆာဝီလီယံ ဘရက် (Sir William Bragg) ၏ '' Concerning the Nature of Things'' ကျမ်းမှ ပထမအခန်းကို ''အနုမြူ ဒီပနီ'' အမည် ဖြင့် မြန်မာပြန်ဆိုခဲ့သည်။ ဒြပ်စင်၊ ဒြပ်နှော၊ ဓာတ်ဖို၊ ဓာတ် မ၊ မြူမှုန် စသည့် ဘာသာပြန်ဝေါဟာရများကို တီထွင် အသုံးပြုပြီး သိပ္ပံပညာရပ်ကို မြန်မာလိုလေ့လာသင်ကြားနိုင်ကြောင်း ပြသခဲ့သည်။

၁၉၃၆ ခုနှစ် မတ်လတွင် ဆရာကြီး ဦးဖေမောင်တင် သည် တက္ကသိုလ်ကျောင်းအုပ်ကြီး အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထိုအချိန်က အင်္ဂလိပ်လူမျိုး ကျောင်းအုပ်ကြီးဖြစ်သည့် မစ္စတာ စလော့ကို ကျောင်းသားများ မကျေနပ်၍ ဆူဆူပူပူ ဖြစ်လာကာ သပိတ်မှောက်ရန် စိုင်းပြင်းလာကြ သည့်အတွက် အစိုးရက မြန်မာ လူမျိုးဖြစ်သည့် ဦးဖေမောင်တင်ကို ရန်ကုန်တက္ကသိုလ် ကျောင်းအုပ် ကြီးအဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဆရာကြီး ဦးဖေမောင်တင်သည် ရန်ကုန် တက္ကသိုလ်၏ ပထမဆုံးသော မြန်မာလူမျိုး ကျောင်းအုပ်ကြီး ဖြစ်လာ ခဲ့သည်။ ဆရာကြီးသည် ကျောင်းအုပ်ကြီးဖြစ်လာ ချိန်မှစ၍ မြန်မာကျောင်းသားများဘက်က မားမားမတ်မတ်ရပ်တည်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင် ရန်ကုန်တက္ကသိုလ်၏ ကျောင်းအုပ်ကြီး ဖြစ်လာချိန်အထိ မြန်မာစာဌာနသည် သီးခြားဌာနတစ်ခုအဖြစ် မရှိသေးပါ။ မြန်မာ စာပေသည် အရှေ့တိုင်းဘာသာ စာပေလေ့လာရေးဌာနအောက်တွင် ပါဠိစာပေ၊ ပါရှန်စာပေတို့နှင့်အတူ ရှိခဲ့ပါသည်။ အင်္ဂလိပ်အာဏာပိုင် တို့သည် မြန်မာစာပေ၊ မြန်မာ ဘာသာစကား လေ့လာမှုသည် သီးခြားဌာနတစ်ခုအဖြစ် တည်ထောင်ရလောက်အောင် အစဉ်အလာမရှိဟု မှတ်ယူထားကြသည်။ ဆရာကြီးသည် မြန်မာရှေးဟောင်း စာများ၊ မြန်မာ့ဂန္ထဝင် စာပေများကို ပုံနှိပ်စာအုပ်များ ဖြစ်လာအောင် တပည့်တပန်းများဖြင့် ကြိုးပမ်း ဖော်ထုတ်သည်။ မြန်မာစာကျောင်းသုံးစာအုပ်များ ပြဋ္ဌာန်းနိုင်အောင် ပြုစုထုတ်ဝေသည်။ ဆရာကြီး၏ ပြင်းပြသော စိတ်ဆန္ဒနှင့် ကြီးမားသော ဇွဲ၊ လုံ့လကြောင့် ၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ မြန်မာစာ ဌာနသည် သီးခြားဌာနတစ်ခုအဖြစ် မားမားမတ်မတ် ထွက်ပေါ်လာခဲ့ပါသည်။

တက္ကသိုလ်ပညာရေးသည် သုတေသနနှင့် ကင်းကွာ ၍ မရကြောင်းခံယူသည့်အလျောက် ဆရာကြီးသည် မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်သူများ ထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံသုတေသနအသင်း၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေးအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ၁၉၃၈ မှ ၁၉၄၁ ခုနှစ်အထိ မြန်မာနိုင်ငံ သုတေသနအသင်း၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ သုတေသနအသင်း ကြီးက သုတေသနစာအုပ်၊ စာစောင်များ ပုံနှိပ်ထုတ်ဝေနိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုသုတေသန အသင်းကြီးက ထုတ်ဝေသောစာအုပ်စာစောင်များသည် တက္ကသိုလ်ပညာ သင်ကြားရေးအတွက် များစွာအထောက် အကူပြုခဲ့သည်။

စစ်ကြီးဖြစ်ပွားပြီးနောက် ဂျပန်ခေတ်တွင် ၁၉၄၃ ခုနှစ် မေလမှ ၁၉၄၅ ခုနှစ် ဧပြီလအထိ ရန်ကုန်တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရ သည်။ ထို့နောက် ဆရာကြီးသည် အငြိမ်းစားယူခဲ့သည်။ အငြိမ်းစားယူပြီးနောက်ပိုင်းတွင်လည်း သက်ကြီး တက္ကသိုလ် ပထမဆုံးကျောင်းအုပ်ကြီး၊ ရန်ကုန်တက္ကသိုလ် ပါဠိဂုဏ်ထူးဆောင် ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် ဘာသာ ပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘာသာပြန်သုခမိန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ့ စွယ်စုံ ကျမ်းစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသုတေသနအသင်း ဥက္ကဋ္ဌ၊ မြန်မာစာပေပြုစုထုတ်ဝေရေးနှင့် ဘာသာပြန် ကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသမိုင်းကော်မရှင် ဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ် မြန်မာစာဂုဏ်ထူးဆောင် ပါမောက္ခ စသည်ဖြင့် တိုင်းပြည်အကျိုး၊ ရန်ကုန်တက္ကသိုလ်၏ အကျိုးကို သေတစ်ပန် သက်ဆုံး ဆောင်ရွက်သွားခဲ့ ပါသည်။

ဆရာကြီး ဦးဖေမောင်တင်၏ ကျေးဇူးတရားမှာ ကြီးမားများပြားလှပါသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့် ကာလတွင် မြန်မာစာဌာနအနေဖြင့် ဆရာကြီး ဦးဖေ မောင်တင်၏ ကျေးဇူးတရားများကို ပြန်လည်ပေးဆပ်နိုင် ရန်အတွက် ဆရာကြီး ဦးဖေမောင်တင် အမှတ်တရ ကြေးရုပ် ရုပ်တုကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ထားရှိရန် ၂ဝ၁၈ ခုနှစ်က စတင်ကာ ကြိုးပမ်းဆောင်ရွက် ခဲ့ကြပါသည်။ ကြေးရုပ်တုကို ရန်ကုန်တက္ကသိုလ် မြန်မာ စာဌာန ကျောင်းသားဟောင်းများက လှူဒါန်းပြီး ဆရာကြီး ဦးဖေမောင်တင်၏ ဉာဏ်ပညာနှင့် စွမ်းဆောင်ချက်များကို မြန်မာစာမျိုးဆက်သစ် ကျောင်းသူ ကျောင်းသားများ အားကျအတုယူနိုင်စေရေးအတွက် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတည်ရှိရာ တောင်ငူဆောင် မြက်ခင်းပြင်တွင် ထားရှိရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြပါသည်။

ဆရာကြီး ဦးဖေမောင်တင်ရုပ်တုထားရှိရန် လုပ်ငန်း အဆင့်ဆင့်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်နှင့် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန တည်ထောင်သည့် (၇၈) နှစ် မြောက် အထိမ်းအမှတ်အဖြစ် ဆရာကြီး ဦးဖေမောင်တင် ရုပ်တုဖွင့်ပွဲအခမ်းအနားကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက် (သောကြာနေ့) နံနက် ၉ နာရီမှ စတင်ကာ ရန်ကုန် တက္ကသိုလ်တောင်ငူဆောင် မြန်မာစာဌာနတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ (အငြိမ်းစား) ဦးထင်ကျော်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းနှင့် ပါမောက္ခဌာနမှူးများ၊ ပါမောက္ခ များ၊ တက္ကသိုလ်အသီးသီးမှ မြန်မာစာ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ရန်ကုန်တက္ကသိုလ် မျိုးဆက်ဟောင်း မျိုးဆက်သစ် မြန်မာစာ မြန်မာမှု ကျောင်းသား ကျောင်းသူ များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပရာ ပထမပိုင်း အစီအစဉ်အဖြစ် နိုင်ငံတော်သမ္မတ (အငြိမ်းစား) ဦးထင်ကျော်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က အမှာစကားအသီးသီး ပြောကြားကြပါသည်။ ဆက်လက်၍ ဆရာကြီး ဦးဖေမောင်တင်၏ သမီး အင်္ဂလန်နိုင်ငံမှ ရောက်ရှိလာသူ ဆရာမကြီး ဒေါ်တင်တင်မြိုင်က ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားပြီး ဆရာကြီးဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ) က အမှတ်တရစကား ပြောကြားပါ သည်။ ထို့နောက် နိုင်ငံတော်သမ္မတ (အငြိမ်းစား) ဦးထင်ကျော်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ မျိုးသိမ်းကြီး၊ ဆရာကြီး ဦးဖေမောင်တင်၏သမီး ဆရာမကြီး ဒေါ်တင်တင်မြိုင်၊ ဆရာကြီး ဒေါက်တာ ခင်အေး (မောင်ခင်မင်-ဓနုဖြူ) တို့က ဆရာကြီး ဦးဖေ မောင်တင်ရုပ်တုကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ဒုတိယပိုင်းအစီအစဉ်ကို မွန်းလွဲ ၁ နာရီအချိန်တွင် ပြန်လည်စတင်ပြီး ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ ဒေါက်တာအောင်မြင့်ဦး၊ မောင်သာ ချို၊ ရွှေဒါးမောင်လေးရည်၊ သုလင်းဝေ၊ မိုးဆင့်သူ (မြန်မာစာ)တို့က ဆရာကြီးဦးဖေမောင်တင် အမှတ်တရ စကားပြောကြားခြင်း၊ ကဗျာရွတ်ဆိုခြင်းတို့ဖြင့် ဂုဏ်ပြုခဲ့ ကြပါသည်။

ရုပ်တုဖွင့်ပွဲ ကျင်းပပြီးနောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် အောက်စဖို့ဒ်ဆရာတော်ကြီးနှင့် တကွ သံဃာတော်များသည် ဆရာကြီး ဦးဖေမောင်တင် ရုပ်တုကို လာရောက်ကြည့်ရှုခဲ့ကြပြီး ကျက်သရေမင်္ဂလာ တိုးပွားစေရန် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ပေးခဲ့ကြပါသည်။ ရုပ်တု ဖွင့်လှစ်ပြီးချိန်မှစ၍ ဆရာကြီး ဦးဖေမောင်တင်၏ သားတပည့်များ၊ မြေးတပည့်များသည် ရုပ်တုတည်ရှိရာ တောင်ငူဆောင် မြက်ခင်းပြင်သို့ လာရောက်ကာ ဆရာကြီးအား ဂါရဝပြုကြပြီး ဝမ်းမြောက် ပီတိပွားများခဲ့ကြပါသည်။

“ကတညုတ မင်္ဂလာ” သူပြုဖူးသော ကျေးဇူးကို သိခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးဖြစ်သည် ဟူသော မင်္ဂလာတရားတော်နှင့်အညီ ဆရာကြီး ဦးဖေမောင်တင်ကို ကျေးဇူးဆပ်သောအားဖြင့် ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန တောင်ငူဆောင် မြက်ခင်းပြင် တွင် ဆရာကြီး၏ရုပ်တုကို ဖွင့်လှစ်ထားရှိနိုင်ခဲ့ခြင်းသည် မြန်မာစာဌာန၊ မြန်မာစာကျောင်းသူ ကျောင်းသား ဟောင်းကြီးများ၊ မျိုးဆက်သစ်ကျောင်းသူကျောင်းသား များအတွက် သာမက ရန်ကုန်တက္ကသိုလ်တစ်ခုလုံး၊ မြန်မာ့ပညာရေးမိသားစုများ အားလုံး၊ မြန်မာပြည်သူ တစ်ရပ်လုံးအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ မင်္ဂလာ တစ်ပါးပင် ဖြစ်ပါသည်။ မျိုးဆက်သစ်ကျောင်းသူ ကျောင်းသားများသည် ဆရာကြီး ဦးဖေမောင်တင်၏ ရုပ်တုကို မြင်တွေ့ခွင့်ရရှိပြီးနောက် ဆရာကြီး၏ ကြိုးပမ်းစွမ်းဆောင်ချက်များကို လေ့လာမှတ်သား အတုယူကြိုးစားလိုစိတ်များ ပွားများလာကြမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တောင်ငူဆောင် မြက်ခင်းပြင်တွင် ဖွင့်လှစ်ထားရှိလိုက်သော ဆရာကြီး ဦးဖေမောင်တင်ရုပ်တုသည် ဆရာကြီး၏စွမ်းဆောင်မှု များနှင့်အတူ ထာဝစဉ် အဓွန့်ရှည်တည်တံ့နေမည် ဖြစ်ပါတော့သည်။ ။