ကမာရွတ်မြို့နယ် ပြည်လမ်း မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းမှ မြေအောက်လုပ်ငန်းများ ၈၅ ရာခိုင်နှုန်းခန့်ပြီးစီး

Listing Description

ရန်ကုန်    နိုဝင်ဘာ  ၁၄

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရန်ကုန်ပညာရေးတက္ကသိုလ်အနီး ပြည်လမ်း အောက်တွင် တည်ဆောက်လျက်ရှိသော မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေး လုပ်ငန်း၌ ယခုအခါ မြေအောက်လုပ်ငန်းများ ၈၅ ရာခိုင် နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ဥမင်တည်ဆောက်ရေးလုပ်ငန်းခွင်မှ သိရသည်။

နိုင်ငံတကာအဆင့်မီဈေးဆိုင်ခန်းများပါဝင်သော ပြည်လမ်းမ မြေအောက် လမ်းကူး လူသွားဥမင် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး ယခုအခါ Junction Square ဘက်ရှိ အတက် စက်လှေကား မုခ်ဦးတစ်ပေါက်မှာ ဆောက်လုပ်ဆဲဖြစ်၍ ကျန်အပိုင်းများမှာ အချောသပ်လုပ်ငန်းများ စတင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ ဒီနေရာကို လုပ်ရတဲ့အကြောင်း ရင်းက ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း ရှိတယ်။  Junction Square ကို သွားတဲ့သူတွေ ရှိတယ်။ အဲဒီလူတွေအတွက်က လမ်းကူးတဲ့နေရာမှာ အခက်အခဲ ရှိတယ်။  နေ့တိုင်း  ယာဉ်ထိန်းရဲက ရှင်းပေးနေရတော့ ဒါတွေကင်းလွတ် သွားအောင် ကျွန်တော်တို့ လုပ်ပေးတာပါ။ နိုင်ငံတကာအဆင့်မီလုပ်တဲ့အခါမှာ အောက်ကလူကူး တံတားမှာ စားသောက်ဆိုင် အသေးလေးတွေ လုပ်ပေးမှာပါ” ဟု ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးတင်ဝင်းက ပြောကြားသည်။

မြေအောက်   လမ်းကူးလူသွား ဥမင်ကို သံကူကွန်ကရစ် အမျိုးအစားဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ပင်မ ဥမင်အလျား ၄၂၇ ပေ ၂ လက်မ ရှိ၍ ဥမင်အမြင့်မှာ ၁၁ ပေရှိပြီး ဥမင်ခန်း ဖွင့်အကျယ်မှာ ပေ ၄၀ ရှိကြောင်း သိရသည်။  ဥမင်အတွင်း လူသွားလမ်း အကျယ်ကို ၁၉ ပေ ၈ လက်မအထိ ထားရှိပေးမည်ဖြစ်ပြီး တစ်နာရီလျှင် လူဦးရေ ၆၀၀၀ ခန့် ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်သည်။ ဥမင်အတွင်း အတက်အဆင်းပြုလုပ်ရန် ရွေ့လျား စက်လှေကား သုံးစင်းနှင့် မသန်စွမ်း သူများ အသုံးပြုရန် လူရှစ်ယောက်စီး ဓာတ်လှေကား နှစ်စင်းကို ထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။ ဖြတ်သန်းသွားလာသူများ အတက်အဆင်း အဆင်ပြေ ချောမွေ့စေရေးအတွက် ဥမင်လျောစောက် ထောင့်ကို  ၃၀  ဒီဂရီ  သတ်မှတ်ထား ကြောင်း သိရသည်။ ဥမင်အတွင်း၌ ၁၀ ပေ ပတ်လည်ဆိုင်ခန်း ၁၅ ခန်းခန့်  ထည့်သွင်းတည်ဆောက်ထားသည်။

ဥမင်တည်ဆောက်ရေးကာလကို  တစ်နှစ်သတ်မှတ်ထားပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်တွင် လုပ်ငန်းများ အားလုံးပြီးဆုံးရန် ခန့်မှန်းထားကြောင်း သိရသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး  လုပ်ငန်း ခွင်ကို  နေ့စဉ်အဆိုင်း သုံးဆိုင်းခွဲကာ ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊

ဓာတ်ပုံ - လင်းညွန့်