တက္ကသိုလ်များဓမ္မာရုံ

Listing Description

ရန်ကုန်တက္ကသိုလ်နှင့် မျက်နှာချင်းဆိုင် ယခုတက္ကသိုလ် ရိပ်သာလမ်း၏ တောင်ဘက်ခြမ်းတွင်ရှိသည့် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံကို မြန်မာသက္ကရာဇ် ၁၂၉၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်(ခရစ်နှစ် ၁၉၃၄ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်) တနင်္ဂနွေနေ့ တွင် ရန်ကုန်မြို့ အလယ်တောရဆရာတော် အဂ္ဂမဟာပဏ္ဍိတ ကောသလ္လာဘိဓဇက အုတ်မြစ်ချခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်များဓမ္မာရုံဟု အမည်ပြောင်းခဲ့သည်။ အလျား ပေ ၁၄၀၊ အနံ ၆၅ ပေနှင့် မျက်နှာကြက်အမြင့် ၂၂ ပေရှိသည့် ထောင့်မှန်စတုဂံပုံအုတ်တိုက်ဓမ္မာရုံ အဆောက်အအုံကို အနောက်ဥရောပဟန်နှင့် မြန်မာဟန် ရောနှောလျက် ဆင်ဝင်မုခ်ပေါက်နှင့် ဘေးထွက်ဆောင်ထည့်သွင်းကာ အမိုးတွင် ဘုံပြာသာဒ်အဆင့်ဆင့် တည်ဆောက်ထားသည်။ ဆင်ဝင်ဆောင်အမိုးတွင် ဒေါင်းရုပ်နှင့် ပင်မအဆောက်အအုံ မျက်နှာစာအပေါ်တွင် ရာမလက်ညှိုးပုံ မုခ်ကပ်ထည့်ထားသည်။

အဆောက်အအုံအတွင်းပိုင်း ဘေးတစ်ဖက်စီတွင် စင်္ကြံပတ်လမ်းရှိကာ ဓမ္မာရုံပေါ်သို့တက်သည့်လှေကားသည် မြန်မာမှု သရက်ကင်း အုတ်လှေကားဖြစ်ပြီး အတွင်း၌ သစ်သားတံခါးများ တပ်ဆင်ထားသည်။ တက္ကသိုလ်ဓမ္မာရုံကို ၁၉၉၅ ခုနှစ်တွင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည့်တိုင် မူလလက်ရာများ ကျန်ရှိနေဆဲဖြစ်ပေသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံ တစ်ခုဖြစ်သည်။