ဂျပ်ဆင်ဘုရားရှိခိုးကျောင်း

Listing Description

ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမ၏ အနောက်ဘက် ပြည်လမ်းတွင် တည်ဆောက်ထားသည့် ဂျပ်ဆင်ဘုရားရှိခိုး ကျောင်းကို ၁၉၃၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်တွင် တက္ကသိုလ် အဓိပတိ ဆာချားလ်စ်အလက်ဇင်းဒါးအင်းနစ် (Sir Charles Alexander Innes)က အုတ်မြစ်ချ တည်ဆောက်ခဲ့သည်။ ဂျပ်ဆင်ဘုရားရှိခိုးကျောင်းကို ခရစ်ယာန် ဘာသာရေးဆိုင်ရာ အခမ်းအနားများကျင်းပနိုင်ရန် ရည်ရွယ်ခဲ့သည်။ ဘုရားကျောင်း အဆောက်အအုံ တည်ဆောက်ထားပုံသည် ကိုလိုနီခေတ် အနောက်ဥရောပ ဗိသုကာပုံစံ၊ လက်ဝါးကပ်တိုင် ပုံသဏ္ဌာန် ဖြစ်သည်။ ဘုရားကျောင်း၏ မျက်နှာစာတွင် ပင်မအဆောက်အအုံနှင့်တွဲလျက် ဆင်ဝင်တစ်ခုကိုပြုလုပ်ထားပြီး ဆင်ဝင်၏ အထက်တွင် မြေပြင်မှ မျှော်စင်ထိပ်အထိ လှေကားထစ် ၁၈၀ ရှိသည့် ခေါင်းလောင်းမျှော်စင်ရှိရာ ရန်ကုန်မြို့ရှိ မျှော်စင်များအနက် အမြင့်ဆုံးဖြစ်သည်။

ဂျပ်ဆင်ဘုရားကျောင်းသည် အလျား ၈၈ ပေ၊ အနံ ၄၂ ပေရှိကာ ပင်မအဆောက်အအုံ၏ ဘေးနှစ်ဖက်တွင် ဘေးထွက်ဆောင်များ ပါရှိသည်။ ဘုရားကျောင်းအဆောက်အအုံကို အုတ်၊ အင်္ဂတေများဖြင့် တည်ဆောက်ထားကာ မူလလက်ရာ အတိုင်းရှိနေပြီး ခရစ်ယာန်ဘာသာဆိုင်ရာ ဘုရားရှိခိုးကျောင်းအဖြစ် ယခုတိုင်အသုံးပြုနေဆဲ ဖြစ်ပေသည်။ ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အအုံတစ်ခုလည်းဖြစ်သည်။

Credit : Myanmar Digital News