လေးမောင် (၁၈၉၉ - ၁၉၇၄)

Listing Description

ဦးလေးမောင်ကို သရက်ခရိုင်၊ အောင်လံမြို့တွင် ခရစ်နှစ် ၁၈၉၉ခု၊ နိုဝင်ဘာလတွင် အဖ ဦးပို ၊ အမိ ဒေါ်ပန်း တို့မှ ဖွားမြင်ခဲ့သည်။ အောင်လံမြို့တွင် ၁၀ တန်းအောင်မြင်သော ပညာသင်ကြားခဲ့ပြီး ၁၉၂၃-၂၄ မှစ၍ အောင်လံမြို့ ၊ ဗုဒ္ဓသာသာနပြု အမျိုးသားကျောင်း (B.T.N) တွင် ကျောင်းအုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျီစီဘီအေ အသင်းကြီးမှ ၂၁ ဦးများနုတ်ထွက်ကွဲပြားသွားချိန်၌ အထောက်အပံ့မခံသော အမျိုးသားကျောင်းအဖြစ် ရပ်တည်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီးလျှင် ဝံသာနု ဂျီစီဘီအေအဖွဲ့ကြီး၏ ဝံသာနု သတင်းစာတွင် တိုက်အုပ်အဖြစ် လည်းကောင်း၊ အယ်ဒီတာအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ နောက် ဂျီစီဘီအေအဖွဲ့များ အစိတ်စိတ်ကွဲပြားကြရာ ဦးစိုးသိမ်း ဂျီစီဘီအေတွင် ရုံးအုပ်အဖြစ် ၊ မင်္ဂလွန်း ဂျီစီဘီအေတွင် အထွေထွေအတွင်းရေးမှူး၊ မောရိယ သတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြန်သည်။ အောင်လံဦးလာဘ ဟူ၍ ထင်ရှားခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဗမာ့ခေတ် သတင်းစာတွင် အယ်ဒီတာအဖွဲ့ဝင်တစ်ဦးအဖြစ် လည်းကောင်း၊ အစိုးရ သာသနာရေးဌာနတွင် လက်ထောက် ညွှန်ကြားရေးဝန်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံရေးသမိုင်း (ပထမတွဲ၊ ဒုတိယတွဲ)စာအုပ်ကို ရေးသားပြုစုကာ စာပေဗိမာန် ပြည်သူ့လက်စွဲစာစဉ်မှ ၁၉၇၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ၎င်းစာအုပ် ပုံနှိပ်ထုတ်ဝေပြီးနောက် ၁၉၇၄ခုနှစ် ဧပြီလ (၇)ရက်နေ့၌ လူကြီးရောဂါဖြင့် အမှတ် ၄၆၈၊ ၂၂ လမ်း၊ ၁၃ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေအိမ်တွင် ကွယ်လွန်သည်။