ကန်ကြီးထောင့်မြို့နယ်တွင် ရွေးကောက်ပွဲမဲရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုး

Listing Description

ကန်ကြီးထောင့် နိုဝင်ဘာ ၉

ဧရာဝတီတိုင်း‌ဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၏ မဲရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အသိအမှတ်ပြု လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။ (အပေါ်ပုံ)

ရှေးဦးစွာ မြို့နယ်ရွေးကော်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံမင်းက အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီး၏ မဲရလဒ်များကို အသိပေးကြေညာခဲ့ပြီး ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၏ မဲရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် ပြည်သူများက အသိသက်သေပြု လက်မှတ်ရေးထိုးကြသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၈၀ တွင် မဲရုံပေါင်း ၁၃၉ ရုံဖြင့် ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ငါးခုမှ ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရ သည်။

နန်းထိုက် (ပြန်/ဆက်)