ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်

Listing Description

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို အဓိပတိလမ်း၏ အရှေ့ဘက်ခြမ်း၌ ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ဆာဟားကုတ်ဘတ္တလာ (Sir Harcovrt Butler) က အုတ်မြစ်ချခဲ့ပြီး ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်လုပ်ငန်းများကို ၁၉၂၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ စာကြည့်တိုက် အဆောက်အအုံကို ရောင်းဗဟာဒူး အက်စ်ရာမာနာသာ ရေးဒီယာ (Rao Bahadur S. Ramanatha Reddiar) နှင့် ဇနီးများက ငွေကျပ် ကျပ်နှစ်သိန်း လှူဒါန်းခဲ့သည်။ အလျားပေ ၁၃၀ ၊ အနံ ၄၂ ပေ အင်္ဂလိပ်အက္ခရာ L ပုံစံ နှစ်ထပ်ဆောက်လုပ်ထားသည့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ပေပုရပိုက်များ အများဆုံးစုဆောင်းထားရှိကာ စာကြည့်တိုက်အဝင်တွင် အုတ်မြစ်ချသည့် မှတ်တမ်းကမ္ပည်း ကျောက်စာရေးထိုးထားသည်။ ဝင်ပေါက်တံခါးအပေါ်တွင် အလှူရှင်များ၏အမည်ကို သံပန်းဖြင့် ရေးထိုးထားသည်။ ဒုတိယကမ္ဘာစစ်အတွင်း ရန်ကုန်မှ ပြန်လည်ဆုတ်ခွာသော ဂျပန်တပ်များမှ စာကြည့်တိုက်အဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့သောကြောင့် စာကြည့်တိုက် အဆောက်အအုံကြီးကြီးမားမားပျက်စီးခဲ့ပြီး စာအုပ်စာတမ်း နှင့် ပုရပိုက်များ မီးလောင်ပျက်စီးခဲ့သည်။ လက်ရှိစာကြည့်တိုက်အဆောက်အအုံမှာ စစ်ပြီးကာလတွင် ပြန်လည်ပြုပြင်ပြီး စာအုပ်စာတမ်းများကိုလည်း ပြန်လည်စုဆောင်းထားရှိထားခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့်ရေးသားထားသော စာအုပ်ပေါင်း လေးသောင်းကျော်၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်ပေါင်းရှစ်သောင်းကျော်၊ ကျမ်းစာအုပ်ပေါင်း ၁၉၀၀၀၊ ပေ ၁၈၈ချပ်၊ စုစုပေါင်း စာအုပ်ပေါင်း တစ်သိန်းခွဲနီးပါးကို စုဆောင်းထားရှိပါသည်။ ထို့ပြင် စာနယ်ဇင်း ၄၈ မျိုးနှင့် အွန်လိုင်းစာကြည့်တိုက်အတွက် အီလက်ထရောနစ်စနစ်ဖြင့် ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိပေးထားပါသည်။ ယခုအခါ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအပြင် စာရေးဆရာစသည့် ပြင်ပမှ စာဖတ်ဝါသနာပါသူများကိုပါ Member ဝင်ခွင့်ပြုလိုက်သည့်အတွက် မည်သူမဆို ငှားရမ်းဖတ်ရှုနိုင်ပြီဖြစ်သည်။ ယခင်က ရုံးချိန်အတွင်းသာ ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါနံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ တိုးမြှင့်ဖွင့်လှစ်ထားကာ စနေနေ့တွင်လည်းနံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဖွင့်လှစ်ပေးထားသည်။ ကိုလိုနီခေတ်လက်ရာနှင့် မြန်မာ့ဟန်ပေါင်းစပ် တည်ဆောက်ထားသည့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သည် ယခုအချိန်အထိ မူလလက်ရာအတိုင်းရှိနေကာ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအပြင် ပြင်ပ သုတေသီများပါ အားကိုးအားထားပြု၊ အသုံးပြုနေကြရသည့် သုတေသနဘဏ်တိုက်ကြီးအဖြစ် ရပ်တည်နေပါသည်။