ဧရာဝတီတံတား (ရတနာပုံ)

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ တို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား တစ်ခုဖြစ်သည်။ ယခင် အင်းဝတံတားဟောင်း၏ မြောက်ဘက် ပေ ၂၀၀၀ ခန့်အကွာတွင် တည်ရှိသည်။ ဧရာဝတီတံတား (ရတနာပုံ)ကို ဧရာဝတီတံတား၊ ရတနာပုံတံတား၊ အင်းဝတံတားသစ် ဟူ၍လည်း ခေါ်ကြသည်။ ၂၀၀၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

၁၉၃၄ ခုနှစ်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော ၃၉၄၈ ပေ အရှည်ရှိ အင်းဝတံတား သည် ၁၉၉၀ ခုနှစ်မတိုင်မီအထိ တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။ သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ ခုနှစ်မှစ၍ ၁၅ တန်အောက် ကားများသာ ဖြတ်သန်းသွားလာနိုင်သည်။ ထို့ကြောင့် ၂၀၀၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့တွင် ယင်းဧရာဝတီတံတား (ရတနာပုံ) ကိုစတင် ဆောက်လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

တံတားအရှည် စုစုပေါင်းမှာ ၅၆၁၄ ပေ (၁၇၁၁ မီတာ)ရှိပြီး ၄၉ ပေ (၁၅ မီတာ) အကျယ်ရှိ လေးလမ်းသွား ကားလမ်းနှင့် ဘေးနှစ်ဖက်တွင် ၆ ပေ (၁.၈ မီတာ) အကျယ်ရှိ လူသွားလမ်းတစ်ခုစီ ပါဝင်သည်။ တံတားခံနိုင်ရည်ဝန်အားမှာ တန် ၆၀ ဖြစ်သည်။ တံတားတွင် ၂၂၄ မီတာစီကျယ်သော တံတားအခုံး ၃ ခုပါရှိသည်။ပင်မတံတားအရှည်မှာ ၃၆၄၉ ပေ (၁၁၂၆ မီတာ) ဖြစ်သည်။ မန္တလေးဖက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ ၁၁၄၀ ပေ (၃၅၀ မီတာ) ဖြစ်ပြီး စစ်ကိုင်းဖက်ခြမ်း ချဉ်းကပ်တံတားအရှည်မှာ ၇၇၈ ပေ (၂၄၀ မီတာ) ဖြစ်သည်။

#ဧရာဝတီမြစ်ကူးတံတား (ရတနာပုံတံတား)