အင်းဝတံတား (စစ်ကိုင်းတံတား)

Listing Description

အင်းဝတံတား (သို့) စစ်ကိုင်းတံတားသည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ နှစ်ခု အကြားတွင်တည်ရှိကာ စစ်ကိုင်း မြို့နှင့် အင်းဝမြို့ဟောင်းတို့ကို ဆက်သွယ်ပေးထားသည်။ ၁၉၃၄ ခုနှစ်တွင် ဗြိတိသျှ တို့ တည်ဆောက်ခဲ့သော တံတားဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိတိသျှတပ်များ က တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် တံတားကြီးကို ပြန်လည်ပြင်ဆင် တည်ဆောက်ပြီးစီးခဲ့သည်။ သံဘောင်ပေါင်းကူးတံတားဖြစ်ပြီး စုစုပေါင်းအရှည် ၃၉၄၈ ပေ၊ အမြင့် ၁၀၂ ပေရှိပြီး ရက်မကြီး   ၉ခု၊ ရက်မလတ် ၁ ခု၊ ရက်မငယ် ၆ ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅၀ အရှည်ရှိပြီး ရက်မလတ်မှာ ပေ ၂၅၀ ရှည်သည်။ အပိုင်းဆက်ရက်မတိုမှာ ပေ ၆၀ စီရှည်ပြီး သံတန်ချိန်ပေါင်း ၁၁၁၄၅ တန် အသုံးပြုခဲ့သည်။ ၁၉၉၀ ခုနှစ်မတိုင်မီအထိ တစ်ခုတည်းသော ဧရာဝတီ မြစ်ကူးတံတားကြီးဖြစ်ခဲ့သည်။ သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ ခုနှစ်မှစ၍ ၁၅ တန်အောက် ကားများသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။ ယခုအခါ အင်းဝတံတားအနီး တွင် ဧရာဝတီတံတား (ရတနာပုံ) ကို တည်ဆောက်ဖွင့်လှစ်ထားပြီး ဖြစ်သည်။

#ဧရာဝတီမြစ်ကူးတံတား ဧရာဝတီတံတား