ဆွာချောင်းအတွင်း နစ်မြုပ်လျက်ရှိသော ဒုတိယကမ္ဘာစစ်လက်ကျန်ရထားတွဲကို တူးဖော်ထိန်းသိမ်းသင့်

Listing Description

ရေတာရှည် နိုဝင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု တံတားကြီးကျေးရွာမြောက်ဘက် ရန်ကုန်-မန္တလေးရထားလမ်း ဆွာချောင်းဖြတ် တံတားနှစ်စင်း၏ အရှေ့ဘက်၌ ဒုတိယကမ္ဘာစစ်ကာလ ရထားလမ်းတံတားကြီးကို လေယာဉ်ဖြင့် ဗုံးကြဲ ဖျက်ဆီးစဉ်က ချောင်းအတွင်း နစ်မြုပ်ခဲ့ရသော ရထားတွဲပျက်ကြီးမှာ နှောင်းလူငယ်များနှင့် စိတ်ဝင်စားသူများ ကြည့်ရှုလေ့လာနိုင်ရန် တူးဖော်ပြသ ထားသင့်ကြောင်း သုံးသပ်ပြောကြားမှုများ ရှိနေသည်။

ရထားတွဲမှာ ကုန်တင်တွဲအမျိုးအစားဖြစ်ကာ လက်ရှိ ချောင်းရေနည်းပါးချိန် ပေါ်နေသည့်အနေ အထားအရ ရထားတွဲဘေးအကာများတွင် ကျည်သင့် ထားသောနေရာ ၁၀ နေရာမက တွေ့ရှိပြီး ယခုနှစ် တွင် ရထားဘီးပင်ပေါ်နေသည်ကို တွေ့ရှိရခြင်းဖြစ် သည်။

"ဟိုးအရင်က မီးရထားဘက်က လာကြည့်ကြတာရှိတယ်၊ တူးဖော်ရင် တံတားအုတ်တိုင်ဧရိယာနဲ့ မလွတ်ဘူးဆိုပြီး ဒီအတိုင်းပဲထားလိုက်ကြတယ်။ တကယ်တမ်းမှာတော့ အုတ်တိုင်နဲ့ အဝေးကြီးပါ။ ကြည့်မယ်ဆိုရင်သိသာပါတယ်၊ ဒီလို စစ်ကျန်ပစ္စည်း တွေဆိုတာ သမိုင်းဝင်ပါပဲ၊ တူးဖော်ပြသ သင့်ပါတယ်" ဟု တံတားကြီးကျေးရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။

ကိုလွင်(ဆွာ)