နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသားရေးကျောက်တိုင် မွမ်းမံ၍ဖွင့်လှစ်

Listing Description

ရန်ကုန် ဒီဇင်ဘာ ၆

မြို့မကျောင်းသား ကျောင်းသူဟောင်းအသင်းနှင့် ဗဟန်း မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ကကြီးမှူး၍ နှစ် (၁၀၀) ပြည့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသားရေး ကျောက်တိုင် မွမ်းမံပြင်ဆင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဦးအရိယဝံသကျောင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာအမှူး ပြုသော သံယာတော်များအား ဆွမ်း၊ သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းပြီး ဆရာတော်၊ သံဃာတော်များထံမှ ကွယ်လွန်ပြီး အမျိုးသားရေးအတွက် ဆောင်ရွက်ခဲ့သော ကျောင်းသားကြီး ၂၆ ဦးနှင့်တကွ ကျောင်းသား ကျောင်းသူဟောင်းများအတွက် ရေစက်ချ၊ ဆုတောင်းအမျှပေးဝေကြသည်။

ယင်းနောက် မြို့မကျောင်းသား ကျောင်းသူဟောင်း အသင်းဝင်များက မူလလက်ရာမပျက်ပြုပြင်ထားသော အမျိုးသားရေးကျောက်တိုင်ရှေ့တွင် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြသည်။

အဆိုပါအမျိုးသားရေးကျောက်တိုင်ပေါ်ပေါက်လာပုံနှင့်ပတ်သက်၍ လက်ရှိကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာက “ကျောက်တိုင်တည်ရှိတာကတော့ ဦးဇင်းတို့ မမီဘူးပေါ့နော်။ ရှေ့ကဆရာတော်ကြီးတွေပြောသွားတာကတော့ ရွှေတိဂုံစေတီပေါ်မှာရှိတဲ့ကျောက်တိုင်က အမျိုးသားအောင်ပွဲနေ့ ရွှေရတု ၁၉၇၀ ပြည့်နှစ်မှာ လုပ်ခဲ့တာတဲ့။ ဦးအရိယကျောင်း ထဲမှာရှိတဲ့ကျောက်တိုင်က သူ့ထက်စောတယ်တဲ့။ အနည်းဆုံးနှစ် ၅၀ အထက်မှာရှိပါတယ်” ဟု မိန့်ကြားသည်။

အဆိုပါ ကျောက်တိုင်တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ် ကျောင်းသားများက ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်တိုက်ပွဲဝင် စုဝေးရာ ဗဟန်း အောင်မြေ ဟူ၍လည်းကောင်း၊ ကောလိပ်ကျောင်းသားကြီး မူလ ၁၁ ဦးနှင့် နောက်တိုး ၁၅ ဦး ပေါင်း ၂၆ ဦး၏ အမည် စာရင်းကိုလည်းကောင်း ဖော်ပြထားသည်။

ကျောက်တိုင်ပြုပြင်မွမ်းမံခဲ့မှုနှင့်ပတ်သက်၍ ဗဟန်း မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က “ကျွန်တော့်မိတ်ဆွေတစ်ဦးက ဦးအရိယကျောင်းတိုက်ထဲမှာ ဒီကျောက်တိုင်ရှိတယ်။ နှစ်တွေကြာပြီ။ ချုံနွယ်ပိတ်ပေါင်း တွေပိတ်ပြီး ပျက်စီးနေလို့ ပြုပြင်သင့်တဲ့အကြောင်း ပြောလာတယ်။ ဒါနဲ့ သွားကြည့်ပြီး မြို့မကျောင်းသား ကျောင်းသူဟောင်းအသင်းက ညီနောင်တွေကိုတင်ပြတယ်။ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းလည်း လာကြည့်တယ်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကလည်း လာကြည့်တယ်။ ကျောက်တိုင်၊ ရင်ပြင်နဲ့ ရေကန်ကိုတော့ မြို့မကျောင်းသား ကျောင်းသူဟောင်း အသင်းရဲ့ ရန်ပုံငွေစိုက်ထုတ်မှုနဲ့ မူလလက်ရာမပျက် ပြုပြင်ပေးခဲ့တာပါ။ ကျောက်တိုင်ရဲ့ သက်တမ်းကတော့ ဆရာတော်ရဲ့ ပြောပြချက်အရ ၅၅ နှစ်ကနေ နှစ် ၆၀ အတွင်း ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်” ဟု ပြောသည်။

အဆိုပါအမျိုးသားရေးကျောက်တိုင် ပြုပြင်မွမ်းမံ ဖွင့်လှစ်ခြင်းအခမ်းအနားတွင် ဦးအရိယဝံသကျောင်းတိုက် ဆရာတော် ဦးစန္ဒိမာ၊ ဗဟန်းမြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဝင်းဗိုလ်၊ မြို့မကျောင်းသား ကျောင်းသူဟောင်းအသင်းမှ ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာမြင့်တိုး၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်ရီရီတင်၊ အထွေထွေအတွင်းရေးမှူး ဦးလှမြင့်သိန်း၊ အတွင်းရေးမှူး (၁)ဦးသိန်းနိုင်ဦး၊ အတွင်းရေးမှူး (၂) ဦးဆန်းလင်းအောင်၊ စည်ရုံးရေးမှူး ဦးကျော်ကျော်ဦးနှင့် အမှုဆောင် ဦးအောင်သူရ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ကောလိပ်နှင့် ယုဒဿန်ကျောင်းသားကြီးများ ဦးဆောင်၍ ဗြိတိသျှကိုလိုနီလက်ထက် ကျွန်ပညာရေး အဓွန့်ရှည်စေမည့် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ ရာ ယခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် နှစ်ပေါင်း ၁၀၀ ပြည့်မြောက်သည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်သည်။

မြင့်မောင်ကျော်