ပြည်လုံးချမ်းသာရွှေသာလျောင်း (မိုးညှင်း)

Listing Description

ပြည်လုံးချမ်းသာရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စု ရပ်ကွက်တွင် တည်ရှိပါသည်။ မိုးညှင်းမြို့ အရှေ့ကျောင်းဆရာတော် ဦးကြွင်း (ခေါ်) ဦးကေသရ မှ ဦးဆောင်၍ မိုးညှင်းမြို့နေ စေတနာရှင် မြို့သူမြို့သားများမှ မြန်မာသက္ကရာဇ် ၁၂၉၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် (ခရစ်နှစ် ၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်) နေ့တွင် စတင်၍ ပန္နက်တင်ခဲ့ပါသည်။ သက္ကရာဇ် ၁၃၀၂ ခုနှစ် တပို့တွဲလဆန်း ၁၀ ရက် ( ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်) နေ့တွင် အုတ်မြစ်စီ မင်္ဂလာကျင်းပခဲ့ပြီး  ၁၃၂၅ ခုနှစ် တပေါင်းလပြည် ( ခရစ်နှစ် ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်) နေ့တွင် ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဂန္ဓကုဋီကျောင်းဆောင်ကြီးနှင့်အတူ ပြီးမြောက်ခဲ့ပါသည်။ တည်ထားပြီးသော ပြည်လုံး ချမ်းသာ ရွှေသာလျောင်းဘုရားကြီးအား သက္ကရာဇ် ၁၃၂၆ ခုနှစ် တန်ခူး လဆန်း ၁၂ ရက် (ခရစ်နှစ် ၁၉၆၅ ခုနှစ် ဧပြီလ ၁၃ ရက်)နေ့တွင် ဗုဒ္ဓါဘိသေကမင်္ဂလာကို ခမ်းနားကြီး ကျယ်စွာ ဆင်ယင်ကျင်းပနိုင်ခဲ့ပါသည်။ ဘုရားကြီးစတင်တည်ထားချိန် ကိုလိုနီခေတ်မှ လွတ်လပ်ရေးရပြီးသည့်အချိန်ထိ နှစ်ပေါင်း ၃၀ နီးပါးကြာအောင် တည်ထားခဲ့ရပါသည်။ ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီး၏ အတိုင်းအတာပမာဏမှာ ဉာဏ်တော် အလျား ၈၅ တောင် ၁ မိုက်၊ ဉာဏ်တော်အမြင့် ၂၄ တောင် ၂ မိုက်၊ မျက်နှာတော် ၁ဝ တောင် ၁ မိုက်၊ ရောင်လျှံတော် ၃ တောင် ၁ မိုက်၊ နားရွက်တော် ၇ တောင်၊ ပခုံးတော် မှ ခါးတော်အထိ ၂၂ တောင် ၁ မိုက်၊ ခါးတော် မှ ဒူးတော်အထိ ၂၂ တောင် ၁ မိုက်၊ ဒူးတော် မှ ခြေဖဝါးတော်အထိ ၂၂ တောင် ၁ မိုက်၊ တံတောင်ဆစ်တော် မှ လက်ဖျား တော် အထိ ၂၁ တောင် နှင့် လက်ဖဝါးတော်မှာ ၁ဝ တောင် ၁ မိုက်တို့ဖြစ်ပါသည်။