အာလိန်ငါးဆင့်ဘုရား

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ ဆေးဝင်္ကပါ၊ အာလိန်ငါးဆင့်ဘုရားသည် ရန်ကုန်မြို့တွင် ကရင်တိုင်းရင်းသားများ၏ တစ်နှစ်တစ်ခါကျရောက်သော ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရာ နေရာဖြစ်သည်။ အာလိန်ငါးဆင့်ဘုရားသည် မြန်မာပုံစံနှင့် ဥရောပပုံစံဗိသုကာကို ပေါင်းစပ်တည်ဆောက်ထားသည့် ပုံစံဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၃၂၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၅ ရက် (အင်္ဂါနေ့)တွင် ဆေးဝင်္ကပါဆရာတော်ကြီး ဦးသူရိယ၏ အဓိဌာန်ဖြင့် ဆုထူးပန်ကာ တည်ဆောက်တော်မူသော အာလိန်ငါးဆင့်ဘုရားကို ကရင်တိုင်းရင်းသား နိုင်ငံတော်သမ္မတကြီး ဦးမန်းဝင်းမောင်ကိုယ်တိုင် အုတ်မြစ်တော်ချခဲ့သည်ဟု ကမ္မည်းမော်ကွန်းအရသိရပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဝင်္ကပါထည့်သွင်းတည်ဆောက်ထားသည့် ဘုရားသုံးဆူများထဲတွင် အာလိန်ငါးဆင့်ဘုရားသည် အပါအဝင်ဖြစ်ပါသည်။ အာလိန်ငါးဆင့်ဘုရားဝင်းအတွင်းတွင် ဆုတောင်းပြည့် မဟာဆံတော်ရှင် မြဘုရား တည်ရှိပါသည်။ မြဘုရားကိန်းဝပ်စံပယ်ရာ ကျောင်းဆောင်အနီးတွင် ဆင်းတုတော်များစွာကို ဖူးမြော်နိုင်ပါသည်။ အာလိန်ငါးဆင့်စေတီတော်၏ အရှေ့ဘက်တွင် ရှေးယခင်က ဆေးဝင်္ကပါဆရာတော် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီစောင့်ရှောက်ခဲ့သည်ဟု အများယုံကြည်ကြသော ဝိဇ္ဇာဘိုးတော်စော်ဘွားကြီး နတ်နန်းလည်း တည်ရှိပါသည်။ ထို့ပြင် ဘုရားဝန်းအတွင်းတွင် စံကျောင်းတစ်ခုဖြင့် ပူဇော်ထားသော ဆေးဝင်္ကပါဆရာတော်ကြီး ၏ ရုပ်ကလာပ်တော်ကို ဖူးမြော်မြင်တွေ့နိုင်ပါသည်။