ရန်ကုန်နည်းပညာတက္ကသိုလ်

Listing Description

ရန်ကုန်နည်းပညာတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အင်ဂျင်နီယာတက္ကသိုလ် တစ်ခုဖြစ်ပါသည်။  ရန်ကုန်တက္ကသိုလ်အင်ဂျင်နီယာဌာနခွဲအဖြစ် ၁၉၂၄ ခုနှစ်တွင် စတင်အခြေပြုခဲ့ရာမှ ရန်ကုန်အင်ဂျင်နီယာတက္ကသိုလ် (Rangoon Institute of Technology - RIT) တစ်ဖြစ်လဲ YTU အဖြစ် လူသိများ ထင်ရှားလာခဲ့ပါသည်။ ၎င်းတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာ ဘွဲ့လွန် နှင့် ဒေါက်တာဘွဲ့ သင်တန်းများအား အင်ဂျင်နီယာ နည်းပညာနယ်ပယ် အသီးသီးအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး နယ်ပယ်အသီးသီး၌ ပျမ်းမျှခန့်မှန်း ကျောင်းသား၊ ကျောင်းသူ အရေအတွက် အယောက် ၈၀၀၀ ခန့်တက်ရောက် ပညာသင်ကြားလျက်ရှိပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ်သည် အာဆီယံတက္ကသိုလ်များကွန်ယက်၊ အရှေ့တောင်အာရှအင်ဂျင်နီယာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(AUN/SEED-Net) နှင့် မဲခေါင်ဒေသ ပညာရေးနှင့် သုတေသန ကွန်ယက် (GMSARN) တို့၏ အဖွဲ့ဝင် တက္ကသိုလ်တစ်ခုဖြစ်သည်။ တက္ကသိုလ် ပရဝုဏ်သည် ၁၃၈.၅ ဧက ကျယ်ဝန်းသည်။ တက္ကသိုလ်ပရဝုဏ်အား ၁၉၅၈ ခုနှစ်နှင့် ၁၉၆၁ ခုနှစ်အတွင်း ဆိုဗီယက်ပြည်ထောင်စု(ရုရှားနိုင်ငံ)မှ တည်ဆောက်ပေးခဲ့ပြီး ပင်မအဆောက်အအုံ ၈ ခုနှင့် ၎င်းတို့အား အမိုးပါ လျှောက်လမ်းများဖြင့် သွယ်ဆက်ပေးထားပါသည်။ ပင်မဆောင်နှင့် စီမံကွပ်ကဲမှုဌာနသည် ပင်မဆောင်(၁)တွင် တည်ရှိပြီး အဆောင်အမှတ် (၅-၈) မှာ ဗိသုကာကျောင်းနှင့် စမ်းသပ်အလုပ်ရုံဆောင်များ ဖြစ်ပါသည်။ ကျောင်းပရဝုဏ်အတွင်း၌ ဝန်ထမ်းအိမ်ရာများ၊ စားသောက်ခန်းမကြီး၊ Bookshop၊ ဆေးခန်း၊ ဘောလုံးကွင်း၊ စားသောက်ဆိုင်နှင့် ကားရပ်နားရန် နေရာများလည်း ပါရှိပါသည်။ ကျောင်းသားများအဆောင်မှာ ကျောင်းပရဝုဏ်၏ အနောက်ဘက်အရပ်တွင် တည်ရှိပြီး၊ (အေ မှ ဂျီ) စုစုပေါင်း ၇ ဆောင်တည်ရှိသည်။ ယခုအခါ အဆောင် အေ နှင့် ဘီကို အမျိုးသမီးအဆောင်အဖြစ်ထားရှိပြီး အဆောင် ဒီ နှင့် အီး ကို အမျိုးသားအဆောင် အဖြစ်ထားရှိပါသည်။