အင်းစိန်ရထားလမ်းခုံးကျော်တံတား အမှတ်(၂) (မင်းကြီးလမ်းလက်တက်တံတား) ဖွင့်လှစ်

Listing Description

ရန်ကုန် ဇန်နဝါရီ ၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက တာဝန်ယူတည်ဆောက် သည့် အင်းစိန်ရထားလမ်း ခုံးကျော်တံတား အမှတ်(၂) (မင်းကြီးလမ်းလက်တက်တံတား) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အဆိုပါတံတားသစ်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အင်းစိန်ရထားလမ်း ခုံးကျော်တံတား အမှတ်(၂) (မင်းကြီးလမ်း လက်တက်တံတား)ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ကြပြီး ကမ္ပည်းကျောက်စာအား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြသည်။

အဆိုပါတံတားကို ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်း ၁၉၀၀ ဖြင့် ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတား သည် အရှည် ၄၄၁ ပေ၊ အကျယ် ၂၂ ပေ၊ လူသွားလမ်းတစ်ဖက်လျှင် သုံးပေ အပါအဝင် တံတားခံနိုင်ဝန် တန် ၇၀၊ တစ်လမ်းသွား သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ဆက်လက်၍ မြေပြင်ပြုပြင်ခြင်း၊ မီးအလှဆင်ခြင်း၊ ဆေးသုတ်ခြင်းစသည့် အချောသတ်လုပ်ငန်း များ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း- ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်