အလိုတော်ပြည့်ဂူဘုရား

Listing Description

အလိုတော်ပြည့်ဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အနော်ရထာလမ်းမကြီး မြောက်ဘက်ခြမ်း၊ ထီးလိုမင်းလိုဘုရား၏ အရှေ့တောင်အရပ်တွင် တည်ရှိပါသည်။ အလိုတော်ပြည်ဂူဘုရားသည် စေတီပေါက်လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး ဖိနပ်တော်မှ အထွဋ်ထီးတော်အထိ ဉာဏ်တော် အမြင့် ၄၇ ပေရှိကာ ကောဇာသက္ကရာဇ် ၅၅၆ ခုနှစ်တွင် တည်ထားခဲ့ပါသည်။ ကျန်စစ်သားမင်းဖြစ်ပြီး မကြာမီတည်သောဘုရားဟု ယူဆကြပါသည်။ ကျန်စစ်သား မင်းမဖြစ်မီ အနော်ရထာမင်းထံတွင် စစ်သူကြီးအဖြစ် အမှုထမ်းစဉ်အတွင်း တစ်ခါသော် စစ်ထွက်ရန် စိတ်လေးသဖြင့် ယခုအလိုတော်ပြည်ဘုရားတည်ထားရာနေရာသို့အရောက်တွင် အဓိဌာန်ပြုသည်ဟု ဆိုသည်။ အဓိဌာန်အတိုင်း အောင်မြင်ခဲ့ရာ ရှင်အရဟံနှင့်တိုင်ပင်ပြီး ဤဘုရားကို တည်ထားကိုးကွယ်ခဲ့သည်ဟုဆိုပါသည်။ အရှေ့ဘက် မျက်နှာလှည့်ဘုရားဖြစ်ပြီး ဂူလိုဏ်အတွင်း အရှေ့မြောက်ထောင့်နံရံထုအတွင်းမှ အပေါ်သို့တက်ရန် ကြောင်လိမ်လှေကား ဖောက်လုပ်ထားသည်။ လိုဏ်အတွင်း၌ နံရံပြည့် နှစ်ကျိပ်ရှစ်ဆူ ဗျာဒိတ်ခန်းများ၊ သုတ်တရားဟောသည့် ရုပ်ပွားတော်၊ ဆေးရေးလက်ရာများရှိပြီး ရှေးမွန်ကမ္ပည်းစာ (မင်စာ)များရှိသည်။ ၁၂ ရာစုတွင် အလိုတော်ပြည့်ဘုရားကို "သင်ကြီး ငတုပ်သင်" ပြုပြင်ခဲ့ကြောင်း မြန်မာဘာသာဖြင့် မင်စာမှတ်တမ်းရှိသည်။ ထိုမှတ်တမ်းမင်စာ၌ သက္ကရာဇ် ၅၅၆ ဟု ဖော်ပြထားရာ သင်ကြီးငတုပ်သင် ပြုပြင်သောကာလမှာ နရပတိစည်သူမင်းကြီး လက်ထက်ဖြစ်ပါသည်။