ရွှေကူကြီးအုတ်ကျောင်း

Listing Description

အမရပူရမြို့၊ ဈေးချိုရပ်ကွက်နှင့် မှန်တန်းရပ်ကွက်ကြား၊ မီးရထားလမ်း အနောက်ဘက်တွင်တည်ရှိသည့် ရွှေကူကြီးဘုရားနှင့် ကပ်လျက် တောင်ဘက်တွင် တည်ရှိသော ရွှေကူကြီးကျောင်းတိုက်ဝင်းအတွင်းတွင် ရှေးဟောင်း ရွှေကူကြီးအုတ်ကျောင်း တည်ရှိသည်။ ရွှေကူကြီးအုတ်ကျောင်းသည် ထူခြားသည့် ရှေးဟောင်းအုတ်တိုက်ပျက်ကြီး အဆောက်အအုံတစ်ခုအဖြစ် တွေ့မြင်နိုင်ပြီး အုတ်ကျောင်းပေါ်တက်နိုင်ရန် တောင်ဘက်နှင့် မြောက်ဘက်တွင် သရက်ကင်းလှေကားနှစ်စင်းစီ တည်ရှိသည်။ အုတ်ကျောင်း ဆောင်ထဲတွင် ဟောင်းလောင်းဖြစ်နေပြီး တိုင်လုံးကြီးများကို တွေ့မြင်နိုင်ကာ အုတ်ကျောင်းအပြင်တွင် ရှေးဟောင်းလက်ရာ အင်္ဂတေပန်းဒီဇိုင်းများ ရုပ်လုံးရုပ်ကြွများကိုလည်း တွေ့မြင်နိုင်ပါသည်။ ရွှေကူကြီးအုတ်ကျောင်းကို သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နရပတိစည်သူမင်းကြီးက တည်ထားခဲ့ပြီး သက္ကရာဇ် ၁၁၄၅ ခုနှစ်တွင် အမရပူရမြို့တည်ဗဒုံမင်း၏ သား ရွှေတောင်မြို့နှင့်ဒီပဲရင်းမြို့စား သီရိမဟာဓမ္မာဘိဓဇသီဟသူရ ဘွဲ့ခံ အိမ်ရှေ့မင်းနှင့် သီရိတိလောကမဟာသုဘဒ္ဒါ ရတနာဒေဝီမိဖုရားတို့က ထပ်မံပြုပြင်ခဲ့သည်ဟု သိရသော်လည်း ရှေးဟောင်းရွှေကူကြီး အုတ်ကျောင်း၏ တိကျသော သမိုင်းအထောက်အထားအား သမိုင်းသုတေသီများက ရှာဖွေနေကြောင်း သိရသည်။