ရဲရင့်အောင်

Listing Description

၁၉၉၃ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ဦးစိုးလွင်နှင့် ဒေါ်မေစိုးမြင့်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ တစ်ဦးတည်းသော သားဖြစ်သည်။ အ.ထ.က (၂) ဒဂုံမြို့နယ်တွင် တက်ရောက်သင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းကို အ.ထ.က (၃) မြောက်ဒဂုံမြို့နယ်မှ အောင်မြင်ခဲ့သည်။ သံလျင်နည်းပညာတက္ကသိုလ်တွင် ဆက်လက်တက်ရောက် ပညာသင်ကြားခဲ့သည်။

၂၀၁၁ ခုနှစ်ဝန်းကျင်တွင် အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့ပြီး Bo Bo Entertainment အဖွဲ့မှ ထုတ်ဝေသော အယ်လ်ဘမ်များတွင် ပါဝင်ခဲ့သည်။  Bo Bo First Anniversary အယ်လ်ဘမ်ထဲတွင် ပါဝင်သော "လွမ်းလွန်းလို့" သီချင်းသည် လူကြိုက်များခဲ့သည့် သီချင်းတစ်ပုဒ်ဖြစ်ပြီး အဆိုတော်သစ် ရဲရင့်အောင်ဟု နာမည်ရလာခဲ့သည်။  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုတော် သားသားနှင့်တွဲဖက်၍ “အမုန်းဒိုင်ယာရီ” အယ်လ်ဘမ် ထွက်ရှိခဲ့သည်။ ယင်းအယ်လ်ဘမ်သည် အောင်မြင်ခဲ့ပြီး ပြည်တွင်းရှိ အရောင်းရဆုံး တေးအယ်လ်ဘမ်များအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ ထို့နောက် “အမုန်းဒိုင်ယာရီ” ၏ ဗီဒီယိုအယ်လ်ဘမ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် ဖြန့်ချိခဲ့သည်။

ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ် “ချေ” ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖြန့်ချီခဲ့သည်။ ယင်းအယ်လ်ဘမ်သည် ပထမ အယ်လ်ဘမ်ထက် ပိုမိုအောင်မြင်ခဲ့ပြီး ရဲရင့်အောင်ဟု ပိုမို၍ နာမည်ကျော်ကြားလာခဲ့သည်။

၂၀၁၄ ခုနှစ်တွင် Myanmar Music Awards (MMA) မှ ချီးမြှင့်သည့် "ဆောင်းရာသီအတွက် အကောင်းဆုံး ပေါ့ပ်ဂီတဆု" နှင့် "အကောင်းဆုံးပေါ့ပ်အယ်လ်ဘမ်ဆု" တို့ကို ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် YID (Yes I Did) တေးသံသွင်းတံဆိပ်ကို တည်ထောင်ခဲ့သည်။ ၂၀၂၀ ခုနှစ် သြဂုတ်လ “G.O.A.T” အယ်လ်ဘမ် ထွက်ရှိခဲ့သည်။

၂၀၁၆ ခုနှစ်တွင် QC Game (ကြူစီးဂိမ်း) ဇာတ်ကားတွင် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် သူကိုယ်တိုင်သီဆိုခဲ့သော Waiting For You သီချင်းကို မင်းသမီးနန်းစုဦးနှင့်အတူ ဇာတ်ကားအဖြစ် သရုပ်ဆောင်ပုံဖော်ခဲ့သည်။ ထို့နောက် ဒါရိုက်တာ သားညီရိုက်ကူးသော “ဟဲ့” ဆိုသော ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သည်။

ရဲရင့်အောင်၏ ပထမဆုံး ရုပ်ရှင်ရိုက်ကူးသည့် ဇာတ်ကားမှာ ၂၀၁၇ ခုနှစ်တွင် ရိုက်ကူးခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ရုံတင်ပြသခဲ့သော “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ရုပ်ရှင်ကားဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ဟာသဇာတ်ကား “ဂျင်ပါတီ” တွင် ရန်အောင် ၊ လူမင်း၊ ထူးအောင်၊ အိန္ဒြာကျော်ဇင် တို့ နှင့်အတူ ပါဝင်သရုပ်ဆောင် ခဲ့သည် ။ ၂၀၁၉ ခုနှစ်တွင် “ရေသမမွှေ” ဇာတ်ကားရိုက်ကူးခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် Ve Ve Beverages ၏ အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည်။