ရေဆန်ကျွန်းဘုရား

Listing Description

ရေဆန်ကျွန်းမြတ်ဗုဒ္ဓရုပ်ပွားတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမကြီး၏ဘေး၊ ကလေး-ကလေးဝ-တမူး သုံးမြို့လမ်းဆုံနေရာ ရာဇဂီရိကုန်းတော် (ဒေသအခေါ် ကျီကုန်တောင်)ထက်၌ တည်ရှိပါသည်။ ရေဆန်ကျွန်းဗုဒ္ဓရုပ်ပွားတော်မြတ် သမိုင်းကြောင်းမှာ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကလေးမြို့နယ် မော်လိုက်ကျေးရွာအနီး နေရဥ္စရာချောင်းအတွင်း စီးဆင်းနေသောချောင်းရေနှင့်အတူ အလျား ၁၆ ပေ၊ လုံးပတ် ၁၀ ပေ ၁ လက်မရှိသော ရေဆန်ကျွန်းသစ်ကြီးသည် မျောပါခြင်းမရှိ၊ မည်သည့်အရာနှင့်မျှ ကပ်ငြိတွယ်ခြင်းမရှိဘဲ ရပ်တန့်လျက်ရှိနေကြောင်း ရွာသားတစ်ဦးမှ တွေ့ရှိသဖြင့် ဆယ်ယူပင့်ဆောင်ခဲ့ကြပြီး သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၊ ရဟန်းပညာရှိ လူပညာရှိများ တိုင်ပင်ကာ အများပြည်သူ ဖူးမျှော်နိုင်ရန်အတွက် ဗုဒ္ဓရုပ်ပွားတော်ထုလုပ် ကိုးကွယ်ခဲ့ကြပါသည်။ ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ပြီးစီးသည့်အခါ ကံသာယာရွာ တိလောကမာရဇိန်စေတီတော်အနီး ယာယီဂန္ဓကုဋိတိုက်၌ ပူဇော်ထားပါသည်။ ထိုမှတဖန် ရေဆန်ကျွန်း မြတ်ဗုဒ္ဓရုပ်ပွားတော်အား အများပြည်သူ ဖူးမျှော်နိူင်ရန် အကျိုးငှာ အိန္ဒိယ မြန်မာ ချစ်ကြည်ရေး လမ်းဘေး ကလေး - ကလေးဝ - တမူး တြိဂံလမ်းဆုံနေရာ မြစ်သာ မြစ်ကမ်း နဖူးထိပ်နေရာသို့ ပြောင်းရွှေ့ပူဇော်ထားခဲ့ပါသည်။ ရေဆန်ကျွန်းမြတ်ဗုဒ္ဓရုပ်ပွားတော်၏ ဉာဏ်တော်အမြင့်မှာ ၁၉ ပေ၊ အောက်ခံပလ္လင်တော်အမြင့်၂ ပေ ၉ လက်မရှိပြီး ထုလုပ်ထားပုံမှာ အောက်ခြေတွင် ပဒုမာသနခေါ် ကြာပလ္လင်ခံ၍ လေးမျက်နှာလှည့် ဘုရားလေးဆူအဖြစ် ယခုဘဒ္ဒကမ္ဘာတွင် ပွင့်ထွန်းပေါ်ပေါက်တော်မူပြီးကုန်သော ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမ လေးဆူသော ဘုရားတို့ကို မတ်ရပ် အနေအထားဖြင့် ထွင်းထုပူဇော်ထားပါသည်။