ပင်းစက္ကလံပစေတီ ခေါ် ပင်းဘုရား

Listing Description

ပင်းစက္ကလံပစေတီ ခေါ် ပင်းဘုရားသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပင်းဝအုပ်စု ပင်းချောင်းအနီး ဘုရားကုန်းရွာ၌ တည်ရှိပြီး အနော်ရထာမင်းကြီးက စတင်တည်ထားခဲ့ပါသည်။ မူလအစတွင် သံတောင် ၃၀ ကျော်ရှိစေတီတစ်ဆူဖြစ်ပြီး ၁၉၈၇-၁၉၈၈ ခုနှစ်တွင် ဂေါပကအဖွဲ့၏ ဦးစီးနာယကဖြစ်သော ရေနံချောင်းမြို့ စိတ္တသုခကျောင်း ဆရာတော် အရှင်ဇာဂရမထေရ် အမှူးထား၍ ညောင်ပင်သာ ကျောင်းဆရာတော် အရှင်အာစိဏ္ဏမထေရ်၊ ဓမ္မစေတီ ကျောင်းဆရာတော် အရှင်စန္ဒိမာမထေရ်၊ ဘုရားကြီး၏ ဂေါပကအရှင် ဝိမလမထေရ်နှင့် အစုစုသော သံဃာဦးသျှောင်များ၏ စုပေါင်းအားဖြင့် ပြိုပျက်စပြုနေသော စေတီတော်ကိုငုံ၍ ၉ လက်မပတ်လည်ကြေးပြားများ အချပ်ရေပေါင်း ၅၂၂၈ ချပ်နှင့်အတူ ရွှေသင်္ကန်းကပ်လှူပြီး ပြန်လည်ပြုပြင်ထားသည်မှာ ယခုအခါ အသစ်တည်ထားသော စေတီတစ်ဆူကဲ့သို့ ရှိပါသည်။ ပင်းစက္ကလံပစေတီတော်သည် တစ်နှစ်လျှင်ပွဲတော် နှစ်ကြိမ် ကျင်းပလေ့ရှိပြီး နှစ်စဉ် ဝါခေါင်လ ရောက်တိုင်း ပင်းစက္ကလံပဗုဒ္ဓရုပ်ပွားတော်ညီနောင်လေးဆူအား ရေနံချောင်းမြို့ပေါ်ရှိ လည်ပေါ်သာသနာ့ဗိမာန်သို့ ပင့်ဆောင်၍ ဆယ်ရက်တိုင်တိုင် အပူဇော်ခံကာ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပသည်။ ဒုတိယအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ ၁၀ ရက်နေ့အထိ စေတီတော်တည်ရှိရာ ဘုရားကုန်းကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ‌လေ့ရှိသည်။