ရာဇမုနိအဓိဌာန်ဘုရား

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနီး နောင်တော်ကြီးစေတီ၏ အနောက်မြောက်ထောင့်ရှိ အုတ်ဖြူစေတီ လိုဏ်မုခ်အတွင်း ရာဇမုနိအဓိဋ္ဌာန်ဘုရား သီတင်းသုံးသည်။ စောလဖော်စေတီ၏ အရှေ့ဘက်တွင် တည်ရှိသော လိုဏ်မုခ်ခံ စေတီငယ်ကလေး ဖြစ်သည်။ ထိုစေတီကို ရှေးအခါက 'ပန်းပေါင်းစေတီ' ဟု ခေါ်ကြသည်။ စေတီ၏ လိုဏ်မုခ်အတွင်းမှ ရာဇမုနိရုပ်ပွားတော်မှာ ညောင်ရမ်းမင်းသား ဗုဒ္ဓဂါယာမှ ယူဆောင်လာသော ဗောဓိသားဖြင့် ထုလုပ်သည်ဟု ဆိုကြသည်။ မကိုဋ်စလွယ် မင်းမြောက်တန်ဆာ ဆင်ယင်သော ဇမ္ဗုပတိပုံတော် ရွှေပိန်းချ ဆင်းတုဖြစ်သည်။ ထိုရုပ်ပွားတော်ကို ရှေးယခင်က ပန်းပေါင်းကိုယ်တော်ဟု ခေါ်ကြသည်။ အရှေ့ရင်ပြင် အင်းစေတီအနီးမှ ဘိုးဘိုးအောင် ဆုတောင်းပြည့်ဘုရားသည်လည်း ပန်းပေါင်းဆင်းတု ဟုပင် အမည်ရှိသဖြင့် ဘွဲ့မည်တော်ချင်း တူသည်။ ရာဇမုနိဘုရားတွင် မင်းစိုးရာဇာနှင့် ပတ်သက်သော ကိစ္စများအတွက် လာရောက်ပူဇော် အဓိဋ္ဌာန်ကြသည်။