ရှင်ပင်သက်တော်ရှည်ဘုရား

Listing Description

ရှင်ပင်သက်တော်ရှည်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ကန်တောပလ္လင်ဘုရား၏အနောက်ဘက်၊ ပုဂံဟိုတယ်ဝင်းအတွင်း အနောက်တောင်ထောင့်၌ တည်ရှိပါသည်။ ရှင်ပင်သက်တော်ရှည်ဘုရားကို အေဒီ ၁၂ ရာစုတွင် အလောင်းစည်သူမင်းကြီး တည်ထားခဲ့သည်ဟု သိရပါသည်။ ဘုရား၏ ဉာဏ်တော်အမြင့် ပေ ၄၀ ခန့်ရှိပြီး ပစ္စယာ အဆင့်များပေါ်တွင် စေတီရံ ၁၃-ဆူတည်ထားသည်။ အာရုံခံမုခ်သည် အရှေ့ဘက်သို့လှည့်လျက် တည်ရှိသည်။ အတွင်းဂန္ဓကုဋိတိုက်တွင် တံကဲနှင့် အတူ အရှေ့လှည့် ဆင်းတုတော် တစ်ဆူ တည်ရှိသည်။ ဘုရားတံကဲ အင်္ဂတေပန်းလက်ရာများသည် ယနေ့တိုင် ရှေးမူမပျက် တည်ရှိနေသည်။ ဂန္ဓကုဋိတိုက်တွင်းရှိ ဗုဒ္ဓဆင်းတုတော်မှာ အေဒီ (၁၃)ရာစုတွင် ပြန်လည်ပြုပြင်ထားသည့် လက္ခဏာများ တွေ့ရှိရသည်။ ဘေးကပ်မုခ်ထဲတွင် ဗုဒ္ဓဝင် ရှစ်ခန်း ရုပ်တုများတည်ရှိသည်။ ဂန္ဓကုဋိတိုက်၏ မျက်နှာကြက်တွင် ပုဂံခေတ်နံရံဆေးရေးပန်းချီများကို ရေးခြယ်ထားပြီး အာရုံခံမုခ် မျက်နှာကြက်တွင် နှစ်ကျိပ်ရှစ်ဆူ ဆင်းတုတော်ပုံ နံရံဆေးရေးပန်းချီများကို ရေးဆွဲထားသည်။ အာရုံခံမုခ်၏ ဝဲဘက်တွင်ရှိသော ကြောင်လိမ်လှေကားဖြင့် ဘုရားအထက်ပစ္စယာသို့ တက်ရောက်နိုင်သည်။ ရှင်ပင်သက်တော်ရှည်ဘုရားအနီးတွင် ယခုအခါ ဘုရားပြိုအဖြစ်သာ တစ်ပိုင်းတစ်စဖူးမြှော်နိုင်သော ရှင်ပင်သက်တော်ရဘုရားတစ်ဆူလည်း တည်ရှိပါသည်။