စဉ့်ကူးမင်းခေါင်းလောင်း

Listing Description

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ရာဟုထောင့် ရှစ်မျက်နှာစေတီ၏ အနောက်ဘက်တွင် တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၁၄၀ ခုနှစ်တွင် စဉ့်ကူးမင်း လှူဒါန်းခဲ့သည်။။ ရွှေတိဂုံရှိ ခေါင်းလောင်းများတွင် ရှေးအကျဆုံး ဖြစ်သည်။ အလွန်သာယာသောအသံ မြည်သောကြောင့် မဟာဂဏ္ဍ ခေါင်းလောင်းဟု ခေါ်တွင်သည်။ အလေးချိန် ၁၅၅၅၅ ပိဿာ (၂၄ တန်ခန့်) ရှိ၍ ၁၁ ပေ ၆ လက်မ အမြင့်ရှိသည်။ အချင်း ၇ ပေ ၆ လက်မ၊ လုံးပတ် ၂၂ ပေ ၆ လက်မ၊ အထူ ၁ ပေ ရှိသည်။ ခေါင်းလောင်းကြီး၏ ပေါင်းကိုင်းတွင် နရားရုပ်များဖြင့် သရုပ်ဖော်ထားသည်။

ထိုခေါင်းလောင်းကြီးမှာ မူလက ဆင်ဖြူရှင်မင်း လှူဒါန်းရန် သွန်းလုပ်သော ခေါင်းလောင်းဖြစ်သည်။ ၁၁၃၆ ခု၊ တပေါင်းလတွင် ရွှေတိဂုံစေတီတော်ကို ဆင်ဖြူရှင်မင်း ထီးတော်တင်ခဲ့၏။ ခေါင်းလောင်းကိုပါ သွန်းလုပ်လှူဒါန်းရန် ပန်းတဉ်းဝန် ပညာဒေဝကို တာဝန်ပေးခဲ့သည်။ သွန်းလုပ်ဆဲ ၁၁၃၈ ခုတွင် ဆင်ဖြူရှင် နတ်ရွာစံခဲ့သည်။ ဆင်ဖြူရှင်မင်း၏ အရိုက်အရာကို ဆက်ခံသော သားတော် စဉ့်ကူးမင်းက ထိုခေါင်းလောင်းကြီးကို ဆက်လက်သွန်းလုပ်ရာ ၁၁၄၀ ပြည့်နှစ်တွင် ပြီးစီးသည်။ စဉ့်ကူးမင်း ကြွမလာနိုင်သဖြင့် ပန်းတဉ်းဝန် ပညာဒေဝကပင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။

ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲအတွင်း အင်္ဂလိပ်တို့ ရွှေတိဂုံကုန်းတော်ကို သိမ်းပိုက်ပြီး ထိုခေါင်းလောင်းကို အင်္ဂလန်သို့ သယ်ယူသွားရာ လှိုင်မြစ်အတွင်း ကျလေ၏။ အင်္ဂလိပ်ဘက်မှ ကျွမ်းကျင်သော အင်ဂျင်နီယာများဖြင့် အမျိုးမျိုး ဆယ်ယူသော်လည်း မရသည့်အဆုံး လက်လျှော့လိုက်ကြသည်။ မြန်မာတို့က ကြိုးစားဆယ်ယူမည့်အကြောင်း၊ ဆယ်ယူရရှိပါက ရွှေတိဂုံရင်ပြင်တွင် ပြန်လည်ထားရှိခွင့် ပြုပါမည့်အကြောင်း ဗြိတိသျှအစိုးရထံ အရေးဆို၏။ အင်္ဂလိပ်တို့ကလည်း မြန်မာတို့အစွမ်းဖြင့် ဆယ်၍မရနိုင် ဟု တွက်ဆကာ အသာတကြည်ပင် ခွင့်ပြုလိုက်၏။

မြန်မာတို့ ဆယ်ယူပုံမှာ လှိုင်မြစ်တွင်း၌ ရေကျစဉ် ခေါင်းလောင်းကြီးကို ကျောက်သံကြိုး နှစ်ပင်ဖြင့် မြဲအောင် ချည်နှောင်ထားသည်။ ထို့နောက် ထိုကျောက်သံကြိုးကြီးကို ခေါင်းလောင်းပေါ်တွင် ရပ်တန့်လျက်ရှိသော သင်္ဘောနှင့်ဆက်၍ ချည်ထားသည်။ သည်တွင် ရေတက်လာသောအခါ သင်္ဘောမြင့်တက်လာပြီး ခေါင်းလောင်းကြီးသည်လည်း မြစ်တွင်းမှ ကြွ၍ပါလာသည်။ ထိုအခါ သင်္ဘောကို ကမ်းသို့ မောင်းနှင်ပြီး ခေါင်းလောင်းကြီးကို ယူဆောင်ကြသည်။ ဤသို့ဖြင့် ခေါင်းလောင်းကြီးကို ရွှေတိဂုံရင်ပြင်တော်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ခေါင်းလောင်းဆယ်ယူ၍ ပြန်လည်ပို့ဆောင်ရာတွင် ခေါင်းလောင်း နှုတ်ခမ်းဝတွင် ထိခိုက် ပွန်းပဲ့ခဲ့သည့် အရာကို မြင်တွေ့နိုင်သည်။