ဆုတောင်းပြည့်ချမ်းသာရစေတီတော်

Listing Description

သမိုင်းဝင်ဆုတောင်းပြည့်ချမ်းသာရစေတီတော်သည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက် ၊ ၉၁ လမ်းနှင့် ၂၆ လမ်းအနီး၊ ပလိုင်းလမ်းတွင် တည်ရှိပါသည်။ အသောကမင်းကြီးကောင်းမှု စေတီပေါင်း ရှစ်သောင်းလေးထောင်တွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ အသောကမင်းကြီး တည်ထားခဲ့စဉ်က ဘွဲ့တော်မှာ "လောကသရဖူ" ဟူသော ဘွဲ့အမည်ဖြစ်ပြီး ဉာဏ်တော် ၁၅ တောင်၊ လုံးပတ်၁၀ တောင်ရှိခဲ့ပါသည်။ ထို့နောက် အလောင်းစည်သူမင်းကြီးက ထပ်မံ၍ ပြုပြင်မွမ်းမံကာ စေတီတော်အား "အောင်ချာရွှေဂူ" ဘွဲ့အမည်ဆက်ကပ်၍ ကိုးကွယ်ပူဇော်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၁၅၂ ခုနှစ်တွင် မင်းတုန်းမင်းကြီး၏ အိမ်ရှေ့စံဥပရာဇာသီဟသူမှ တတိယမြောက်ဘုရားဒါယကာခံယူကာ စေတီတော်အား ဉာဏ်တော် ၆၄ တောင် နှင့် လုံးပတ်တော် ၁၇၄ တောင်အထိ ထပ်မံတိုးချဲ့မွမ်းမံခဲ့ပြီး "ဆုတောင်းပြည့်ချမ်းသာရစေတီတော်" ဟု ဘွဲ့အမည်ဆက်ကပ်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း စစ်တလင်းဖြစ်ခဲ့သော်လည်း လက်နက် ဗုံးဆံမထိမှန်ဘဲ ပကတိချမ်းသာစွာ တည်ရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးမှစ၍ နိုင်ငံတော်ဩဝါဒစရိယ စကုတိုက်မင်္ဂလာအေးကျောင်းဆရာတော် ဘဒ္ဒန္တဝိသာရဒ  အရှင်သူမြတ်မှ ဘက်စုံမွမ်းမံထိန်းသိမ်းပြုပြင် ခဲ့ပါသည်။ ပုဂံ၊ ပင်းယ၊ အင်းဝခေတ်မင်းများ အဆက်ဆက်မှ ဓါတ်၊ ယတြာတို့ဖြင့် စီရင်သွန်းလုပ် ကိုးကွယ်တော်မူခဲ့သောဆင်ခံရုပ်ပွားတော်၊ ရွှေရောင်အဆင်းရှိသောသားမင်းခံရုပ်ပွားတော်၊ သဇ္ဇမုနိ၊ လာဘမုနိနှင့် ရှေးဟောင်း နန်းစဉ်ဘုရားရုပ်ပွားတော်များ၊ သီဟိုဠ်ကျွန်းမှ မြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော် ရုပ်ပွားတော်မှနေသော စွယ်တော်မြတ် အသားတော် မြတ်မှ ဖြစ်သောရွှေအဆင်းနှင့် တူသော ဓါတ်တော်များ၊ ပုလဲအဆင်းနှင့်တူသော ဓါတ်တော်များ၊ ငွေအဆင်းနှင့်တူသော အသွေးတော်မှ ဖြစ်သော ဓါတ်တော်များနှင့် အိမ်ရှေ့စံကိုယ်တော်ကြီး ရွှေသားအစစ် တို့ဖြင့် သွန်းထုပူဇော်ခဲ့သော ကကုသန်၊ ကောဏဂုဏ်၊ ကဿပ၊ ဂေါတမ မြတ်စွာဘုရား ၄ ဆူ စံတော်မူလျက်ရှိသည့်အပြင် အခြား ရှေးဟောင်း ရုပ်ပွားတော်မြတ်များကို စုဆောင်း အပူဇော်ခံထားခဲ့ရာ ကြည်ညိုဖွယ်ရာ ဖူးမြော်နိုင်ပါသည်။