မြိတ်-ကျွန်းစု ခရီးသွားလုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက်  ခရီးစဉ်ဒေသဖြစ်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိ 

Listing Description

မြိတ်    ဒီဇင်ဘာ   ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစု ခရီးသွား လုပ်ငန်းသည် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် များက  ကျွန်းကိုအခြေခံပြီး အဓိကလည်ပတ်ကြ သော ကျွန်းအပန်းဖြေခရီးစဉ်များ ဖြစ်သည့်အတွက် မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းကို   မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးစဉ်ဒေသတစ်ခု  ဖြစ်လာစေရန်   ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း  ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“တနင်္သာရီတိုင်းဒေသကြီးရဲ့ ခရီးသွားလုပ်ငန်း ကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ  ခရီးစဉ်ဒေသကြီး လေးခုရှိတယ်။ ရန်ကုန်၊  မန္တလေး၊   ပုဂံ၊  တောင်ကြီးရယ်ဆိုပြီး  ခရီးစဉ်ဒေသကြီး လေးခုရှိတယ်။   ကျွန်တော်တို့ ဒေသက အလားအလာရှိတဲ့ ခရီးစဉ်ဒေသက မြိတ် ကျွန်းစုပါ။  နိုင်ငံတကာ ခရီးသွားတွေမှာလည်း ကြေညာပြီး ဖြစ်ပါတယ်။ မြိတ်-ကျွန်းစုခရီးသွား လုပ်ငန်းကို   ဘယ်နိုင်ငံသွားသွား  အသေးစိတ် ရှင်းပြတယ်။  ကျွန်းတွေရဲ့လှပမှုနဲ့ ရေအောက် သန္တာကျောက်တန်းတွေကို အဓိကထားပြီးပြသ တယ်။    

တော်တော်လေး သဘောကျကြတယ်။ ကြိုက်ကြတယ်။ အထူးသဖြင့်  ရေအောက်သန္တာကျောက်တန်းတွေက အရှေ့တောင်အာရှမှာ ရှားရှားပါးပါး ရှိလာတဲ့အခြေအနေ မျိုးရှိလာတဲ့အတွက် ဒီဟာတွေကို ထိန်းသိမ်းပြီးသွားဖို့ လည်းလိုပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန   ညွှန်ကြားရေးမှူး ဦးညိုအေးက ပြောသည်။  

မြိတ်-ကျွန်းစုရှိ ကျွန်းများသည် ပင်လယ်ကမ်းခြေ များ၏လှပမှု၊  ရေပေါ်ရေအောက်  သယံဇာတများ၏ လှပမှုများကြောင့်  မြိတ်-ကျွန်းစုသို့  ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ လည်ပတ်မှုများသည့်  ကျွန်းများ တွင် အခြေခံအဆောက်အအုံများ ဆောင်ရွက်လျက်ရှိပြီး ဒုံးညောင်မှိုင်းကျေးရွာတွင် ကျွန်းကိုအခြေခံသည့် ရပ်ရွာ အခြေပြုခရီးသွားလုပ်ငန်းသည် ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်၍ မကြာမီ ဖွင့်လှစ်သွားတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏  ဖွံ့ဖြိုးပြီး ခရီးသွားလုပ်ငန်းလေးခုအပြင် အနာဂတ်တွင်  ငါးခုမြောက်ခရီးသွား  လုပ်ငန်းအဖြစ်       မြိတ်-ကျွန်းစု  ခရီးသွားလုပ်ငန်းဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

“ဒုံးညောင်မှိုင်း ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း လည်း   အောင်မြင်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ လက်ရှိ မြိတ်ခရိုင်မှာ မည်သည့်ကျွန်း မည်သည့်နေရာမှ ကျွန်းပေါ်မှာ ဧည့်သည်အိပ်ခွင့်မရှိပါဘူး။ ဒါပေမယ့် ဒီမှာ ဧည့်သည်စပြီးတော့ အိပ်လို့ရတဲ့  အခြေအနေဖြစ်သွား      တဲ့အတွက် ပင်လယ်တွေကို အလွန်လည်ချင်တယ်။ သုတေ သနလုပ်ချင်တယ်။ ရေအောက်သန္တာကျောက်တန်းတွေကို သေချာလေ့လာချင်တယ်။ 

“မြိတ်ကနေ နေ့စဉ်ကူးတာတွေ မလုပ်တော့ဘဲ ဒီကနေ အိပ်မယ်။ ဒီကနေ ပင်လယ်ထွက်ပြီးတော့ ဆောင်ရွက် တာမျိုးနဲ့ ပင်လယ်ပြင်သုတေသန လုပ်ချင်တဲ့ကိစ္စနဲ့ အခြား ကိစ္စတွေကို Transit တစ်ခုအနေနဲ့လည်း တောက်လျှောက် သုံးလို့ရနိုင်ပြီဖြစ်တဲ့အတွက် အောင်မြင်လာတဲ့  ခရီးစဉ် တစ်ခုအနေနဲ့ ယုံကြည်သလို၊ ဒီဟာကို လာလည်မယ်ဆို လို့ရှိရင်လည်း ဒီဒေသမှာ မတူညီတဲ့ လူမျိုးတွေရဲ့ သဘာဝ တွေ၊ ဓလေ့စရိုက်တွေနဲ့  ကျေးရွာ ရပ်ရွာလူထု အခြေပြု ကနေပေးအပ်မယ့်ဝန်ဆောင်မှုတွေကိုလည်း လာရောက် လေ့လာနိုင်ဖို့အတွက် ဒီနေရာကနေ အားလုံးကို ဖိတ်ကြား လိုက်ချင်ပါတယ်” တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ထပ်ဆင့် ပြောသည်။  

ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မြိတ်-ကျွန်းစုရှိ   ကျွန်းများတွင်   အပန်းဖြေခရီး လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ ပိုမို အဆင်ပြေစေရေးအတွက် ခရီးသွားဧည့်သည်များအကြား တွင် ရေပန်းစားလျက်ရှိသည့် စမတ်ကျွန်းတွင် ရေပေါ် တံတားနှင့် စမတ်ကျွန်းအပါအဝင် ကျွန်းခြောက်ကျွန်း၌ အခြေခံအဆောက်အအုံများ ဆောင်ရွက်ထားရှိကြောင်း၊  ထို့အတူ ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်း ( Community Based Tourism- CBT )ကို  ဒုံးကျွန်းပေါ်ရှိ ဒုံးညောင်မှိုင်ကျေးရွာ၌ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ  ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီး ပြီဖြစ်ကာ  ဇန်နဝါရီလ  လဆန်းပိုင်းတွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့်  ဒုံးညောင်မှိုင်ကျေးရွာတွင်  ခရီးသွားဧည့်သည် များအနေဖြင့် ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးများရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် လူမှုဘဝ နေထိုင်မှုပုံစံ များကို လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ကျွန်းပေါ် ၌ စက်ဘီးစီးခြင်း၊ တောတွင်းလမ်းလျှောက်ခြင်း၊ ဒေသခံ များနှင့်အတူ  ငှက်ကြည့်ခြင်းခရီးစဉ်၊   ကရွတ်လှေများ လှော်ခတ်ပြီး ဒီရေတောများ လေ့လာခြင်း၊ အပျော်တမ်း ငါးမျှားခြင်း၊ ရေကူးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး   ဒုံးညောင်မှိုင်းကို အခြေပြု၍ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအကြား     ရေပန်းစားနေသည့် စမတ်ကျွန်းအပြင်  နှစ်ဖက်လှကျွန်း၊  ကြယ်လိပ်ကျွန်း၊ ဘေလီကျွန်း၊ ဓနသိဒ္ဓိကျွန်းစသည့် အနီးအနားမှ ကျွန်း များကို   ဒုံးညောင်းမှိုင်းကျေးရွာမှ ဒေသခံများ၏ မော်တော် ဘုတ်များဖြင့်သော် လည်းကောင်း၊  စပိဘုတ်များဖြင့်   သော် လည်းကောင်း   သွားရောက်  လည်ပတ်နိုင်မည်ဖြစ် ကြောင်း သိရသည်။

“ ဒုံးညောင်မှိုင်းကျေးရွာရဲ့  မျှော်လင့်ချက်ကတော့ CBT ဖြစ်မြောက်သွားမယ်ဆိုလို့ရှိရင် ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး စတဲ့ အခြားကဏ္ဍတွေလည်း အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်။ CBT ရဲ့ခရီးသွားလုပ်ငန်း စလာပြီ ဆိုရင် တစ်ရွာလုံးလည်းပဲ အကျိုးခံစားခွင့်ရှိမယ်။ စီးပွားရေးလုပ်ငန်းအခွင့်အလမ်းလည်း ကောင်းလာမယ်။ ဘာဖြစ် လို့လဲဆိုတော့   ကျေးရွာသူ  ကျေးရွာသားတွေလည်းပဲ မျှော်လင့်ထားတာ အများကြီးရှိတယ်။  ခရီးသွားတွေ လာမယ်ဆိုလို့ ရှိရင် သူတို့သွားချင်တဲ့နေရာ၊ သူတို့လေ့လာ ချင်တဲ့နေရာကို အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးပါ့ မယ်” ဟု ဒုံးညောင်မှိုင်းကျေးရွာ  CBT ကော်မတီ ဘဏ္ဍာ ရေးမှူး ဦးဖိုးဇော်က ပြောသည်။

မြိတ်-ကျွန်းစု ခရီးသွားလုပ်ငန်းသည် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်း၌ စတင်ဆောင်ရွက်ခဲ့ကြောင်း၊  ၂၀၁၆  ခုနှစ် တွင် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည် လာရောက်မှု များပြားလာကာ  ဒေသခံလုပ်ငန်းရှင်များ၏   ခရီးသွား     လုပ်ငန်းနယ်ပယ်တွင်   ရင်းနှီးမြှုပ်နှံမှု  စိတ်ဝင်စားလာကြ       သည့်အတွက် ဒေသအတွင်း ဟိုတယ်/တည်းခိုရိပ်သာများ တိုးပွားလာခဲ့ပြီး လက်ရှိအချိန်၌ မြိတ်ခရိုင်တွင် ခရီးသွား ကုမ္ပဏီ ၃၆ ခုရှိကာ ခရီးသွားလုပ်ငန်းများ ပြေးဆွဲလျက် ရှိသော   စပိဘုတ် ၄၀ ကျော်ရှိ၍ ခရီးသွားဧည့်သည်များကျွန်းအပန်းဖြေခရီး လာရောက်လည်ပတ်ရာတွင် တည်းခို နားနေနိုင်သည့်   ဟိုတယ်နှင့် ခရီးသွားလိုင်စင်ရ ဟိုတယ်/တည်းခိုရိပ်သာ ၁၈ လုံးရှိကြောင်း  သိရသည်။

ခရီးသွားလုပ်ငန်းနှင့် အကျိုးအမြတ်

“တနင်္သာရီတိုင်းဒေသကြီးက တခြားတိုင်းနဲ့မတူတာ အဏ္ဏဝါခရီးသွားလုပ်ငန်း၊ ပင်လယ်ပြင်ကို  အခြေပြုတဲ့ ခရီးသွားလုပ်ငန်းကို အဓိကဆောင်ရွက်နေတာပါ။ တကယ့် တကယ်ကျတော့ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ကို ပြန်ကြည့် မယ်ဆိုရင်   ကမ္ဘာမှာ  အဏ္ဏဝါခရီးသွားလုပ်ငန်းကို ဆောင်ရွက်နေတာ  ၆၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။ မြန်မာ နိုင်ငံမှာ   တနင်္သာရီတိုင်းဒေသကြီးမှာသာ ဆောင်ရွက်     နေတာပါ။  တနင်္သာရီတိုင်းဒေသကြီးရဲ့    အဏ္ဏဝါခရီးသွား လုပ်ငန်း  အောင်မြင်လာတာနဲ့အမျှ     ခရီးသွားလုပ်ငန်းနဲ့   ဆက်စပ်နေတဲ့   နယ်ပယ်တွေ   အကုန်လုံး အကျိုးအမြတ် ရှိတဲ့ လုပ်ငန်းဖြစ်တဲ့အတွက်  ခရီးသွားလုပ်ငန်း  အောင်မြင် လာတာနဲ့အမျှ လူတန်းစားအလွှာအသီးသီး  အကုန်လုံး အကျိုးအမြတ်ရရှိမှာ ဖြစ်ပါတယ်” ဟု  တိုင်းဒေသကြီး  ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေး မှူးက ဖြည့်စွက်ပြောကြားသည်။ 

ခိုင်ထူး(မြိတ် ပြန်/ဆက်)