ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ

Listing Description

ဗိုလ်တစ်ထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ ဗိုလ်တထောင်ဆိပ်ကမ်းအနီးတွင် တည်ရှိသည်။ စေတီတော်ကြီး၏ သမိုင်းအရ ကုန်သည်ညီနောင်ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့ရရှိသော ဆံတော်မြတ် ၁၆ ဆူထဲမှ တစ်ဆူ၊ သထုံ သီရိဓမ္မာသောကမင်းကြီးရရှိသော ဆံတော်နှစ်ဆူထဲမှ တစ်ဆူ၊ သန်လျင် ဘောဂသေနဘွဲ့ သီဟဒီပမင်းကြီးရရှိသော ဆံတော် ၁၆ ဆူထဲမှ တစ်ဆူ အစရှိသော ဆံတော်သုံးဆူကို ဌာပနာ၍ အကြိမ်ကြိမ် တည်ထားတော်မူခဲ့ရုံသာမက တောင်ငူ တပင်ရွှေထီးမင်း၊ စဥ့်ကူးမင်း၊ ဘိုးတော်ဘုရားလက်ထက် ရွှေကျင်မင်းကြီး၊ ဘကြီးတော်ဘုရားလက်ထက်၌ ရန်ကုန်မြို့ဝန် ဦးခိုင်နှင့် ကုန်းဘောင်မင်း အဆက်ဆက်တို့မှ ပြုပြင် မွမ်းမံတည်ထားသည်ဟု သိရပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် စေတီတော်ကြီးမှာ မြေခပျက်စီးခဲ့ရ၏။ ၁၃၀၉ -ခု၊ ကဆုန် လဆန်း ၁၂ ရက်၊ (၁-၅-၄၇) ခုနှစ် နံနက် ၆နာရီ အချိန်၌ ဗုံးကျပျက်စီးသည့် အုတ်ပုံများအား ရှင်းလင်းမှု ပြုကြရာမှ မူလပြတိုက် ဌာပနာအတွင်းမှ ဗုဒ္ဓဆံတော်မြတ်အား ဖူးတွေ့ခွင့် ကြုံခဲ့ရသည်။ ဗုဒ္ဓဆံတော်မြတ်သည် စိန်၊ ရွှေ၊ ကျောက်သံပတ္တမြားတို့ဖြင့် စီခြယ်ထားသော ဆင်စွယ်ကျောင်းဆောင်တော်ထဲတွင် သီတင်းသုံးစံပယ်တော်မူလျက်ရှိပါသည်။ စေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းတွင် ရောဟဏီ ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊ မဟာဗောဓိပဌာန်းထီးစေတီတော်၊ ဘိလပ်ပြန်နန်းဦးရုပ်ပွားတော်မြတ်ကြီးနှင့် ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်း တည်းထားကိုးကွယ်ခဲ့သော အသိ-သတိဘုရားကြီးတို့ တည်ရှိပါသည်။