မောင်ဝဏ္ဏ (၁၉၄၇ - ၂၀၁၁)

Listing Description

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏကို သက္ကရာဇ် ၁၃၀၈ ခု ပြာသိုလပြည့်ကျော် ၁၃ ရက်၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က အဖ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသာဓု၊ အမိ ဒေါ်ခင်ညိုတို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်းလေးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ စာရေးဆရာ အဆိုတော် သရုပ်ဆောင် သုမောင်၊ သရုပ်ဆောင် ရူပ၊ စာရေးဆရာ မင်းလူနှင့် သီချင်းရေးဆရာ ရုပ်ရှင်ဒါရိုက်တာ အာယုတို့၏ အစ်ကိုကြီးလည်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ စိန့်ပေါလ်ကျောင်း (ယခု အ.ထ.က. ၆ ဗိုလ်တထောင်) ၌ အထက်တန်းအထိ ပညာသင်ယူခဲ့ပြီး ရန်ကင်း စည်သူပညာရိပ်သာ အထက်တန်းကျောင်းတွင် ဆက်လက်တက်ရောက်ခဲ့ကာ မက်ထရစ်တန်းကို အပြင်ဖြေအနေဖြင့် အောင်မြင်ခဲ့ရာ ဆေးကျောင်းအမှတ်မီသော်လည်း  ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ဒဿနိကဗေဒဘာသာရပ် အဓိကဖြင့်သာ ကျောင်းပြီးခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ဒေါ်ချိုချိုရီနှင့် အိမ်ထောင်ပြုပြီး သားသမီး သုံးဦး ထွန်းကားခဲ့သည်။

အသက် ၁၅ နှစ်အရွယ်မှာပင် ရုပ်ရှင်အတတ်ပညာများ စတင်လေ့လာခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် သိုင်းသမား ဇာတ်ကားအတွက် ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသားသည်။ ၁၉၇၁ ခုနှစ်တွင် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်သည်။ ထိုဇာတ်ကားသည် မောင်ဝဏ္ဏ၏ ပထမဆုံးလက်ရာဖြစ်ပြီး ထိုဇာတ်ကားဖြင့်ပင် မြန်မာ့ရုပ်ရှင်ထူးချွန် ဒါရိုက်တာဆု ရရှိခဲ့သည်။  အသက် ၂၄ နှစ်အရွယ်ဖြင့် ဒါရိုက်တာအကယ်ဒမီဆုရရှိပြီး မြန်မာ့ရုပ်ရှင်သမိုင်းတွင် အသက်အငယ်ဆုံး ဒါရိုက်တာအကယ်ဒမီဆုရှင် ဖြစ်သည်။ ထို့နောက် ခြေဖဝါးတော်နုနု (၁၉၇၃) ၊ ဇာခန်းဆီး နောက်ကွယ်မှာ (၁၉၇၃) ၊ နှောင်းတမြေ့မြေ့ (၁၉၇၅)၊ ပန်းတွေနဲ့ဝေ (၁၉၇၇) ၊ ချစ်တဲ့သူငယ်လေ (၁၉၇၉) ၊ ခုနှစ်စဉ်အလွမ်း (၁၉၉၀) ဇာတ်ကားများ ဆက်လက်ရိုက်ကူးခဲ့သည်။

ခုနှစ်စဉ်အလွမ်း ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့သည်။ ၂၀၀၇ခုနှစ်တွင် ရင်နင့်အောင်မွှေး ဇာတ်ကားထွက်ရှိပြီး ယင်းဇာတ်ကားသည် ဒါရိုက်တာမောင်ဝဏ္ဏ၏ နောက်ဆုံး ရုပ်ရှင်လက်ရာတစ်ခုလည်း ဖြစ်သည်။

၁၉၇၂ ခုနှစ် နိုဝင်ဘာလထုတ် ရှုမဝမဂ္ဂဇင်း၌ ဖော်ပြခဲ့သော စိမ်းမိ၊ ငြိမ်း၊ ကျွန်တော် ဝတ္ထုတိုဖြင့် စာပေလောကအတွင်းသို့ ရောက်ရှိလာခဲ့သည်။ ၁၉၇၆ ခုနှစ်အချိန်တွင် သူ၏ အကျော်ကြားဆုံးဝတ္ထုတစ်ပုဒ် ဖြစ်လာမည့် ပန်းတွေနဲ့ဝေ ဝတ္ထုကို ထုတ်ဝေခဲ့ပြီး ၁၉၇၇ ခုနှစ်၌ ရုပ်ရှင်ဖြစ်လာသည်။ မောင်စိန်သောင်းနှင့် မနှင်းရည် ဇာတ်ကောင်များဖြင့် ဇာတ်လမ်းများကိုလည်း မဂ္ဂဇင်းများ၌ စတင်ရေးသားသည်။

၁၉၈၁ ခုနှစ်အချိန်တွင် မောင် ဝတ္ထုရှည်၊ အရွယ်လွန် ဝတ္ထုရှည်များ ထွက်ရှိခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် လှပါတယ်မသီတာ၊ ရည်းစားစကား၊ ချစ်ခင်စ မှော်ရုံမှာလေ အစရှိသော ဝတ္ထုရှည်များ ထွက်ရှိခဲ့သည်။ လုံးချင်း ဝတ္ထုပေါင်း ၃၅ အုပ်ခန့် ရေးသား ခဲ့သည်။ ၂၀ဝ၆ ခုနှစ်တွင် ကျွန်တော်အူကြောင်ကြား စာအုပ်ဖြင့် ဆရာဝန်တင်ရွှေစာပေဆုကို ရရှိခဲ့သည်။

စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏသည် အဆုတ်ဝေဒနာဖြင့် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၄ နာရီ ၂ဝ မိနစ် ခန့်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ချိုချိုရီ၊ သားသမီးများဖြစ်ကြသော စာရေးဆရာမ ဝါနု၊ သရုပ်ဆောင် ပြေဇင်၊ ဥက္ကာနှင့် မြေးမလေးတစ်ဦး ကျန်ရစ်ခဲ့သည်။