ဦးဝင်းဖေ

Listing Description

ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီဆရာ ဦးဝင်းဖေကို ၁၉၃၆-ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားသည်။ ဖခင်မှာ ရွှေပြည်ဦးဘတင် ဖြစ်သည်။

မိသားစုထုံးတမ်းအရ ငယ်စဉ်ကတည်းက ဂီတနှင့် ပန်းချီ မသင်မဖြစ်သင်ကြားခဲ့ရသည်။ ၁၉၅၁-ခုနှစ်မှ ၁၉၅၉-ခုနှစ်အထိ မန္တလေးတက္ကသိုလ် နှင့် ရန်ကုန်တက္ကသိုလ် တို့တွင် ပညာသင်ကြားခဲ့ပြီး ဘွဲ့မရရှိခဲ့ပေ။ ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာခေတ်ပေါ် ပန်းချီ စတင်လိုက်စားသူ (၆)ဦး အနက် တစ်ဦးဖြစ်ခဲ့သည်။ ပန်းချီပြပွဲ များစွာတွင် ပါဝင်ခဲ့သည်။ ၁၉၅၉-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ မန္တလေးအခြေစိုက်၊ လူထုသတင်းစာနှင့် စာပေတိုက်တွင် လက်သင်နိုင်ငံခြားရေး အယ်ဒီတာ၊ သရုပ်ဖော် ပန်းချီဆရာ၊ ကာတွန်းဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။

၁၉၆၄-ခုနှစ်မှ ၁၉၆၆-ခုနှစ်အထိ ရတနာ ကုန်သည် လုပ်ကိုင်သည်။ ၁၉၆၆-ခုနှစ်မှ ၁၉၇၃-ခုနှစ်အထိ မန္တလေးရှိ အနုပညာ ဦးစီးဌာန၊ ပန်တျာနှင့် အကကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၃ - ၁၉၉၄ ဝတ္ထုတိုနှင့် ရုပ်ရှင်ဇာတ်လမ်း ဇာတ်ညွှန်းများ ရေးသားခဲ့ပြီး ရုပ်ရှင် ဒါရိုက်တာလုပ်ကိုင်ခဲ့ကာ နောက်ပိုင်းတွင် ဗီဒီယို ထုတ်လုပ်ရေးပါ လုပ်ကိုင်သည်။

၁၉၈၁ ခုနှစ်တွင် “နှင်းဆီနီအိပ်မက်” ရုပ်ရှင်ဖြင့် အကောင်းဆုံး ဒါရိုက်တာအကယ်ဒမီဆု ရရှိခဲ့သည်။ အခြားသော အကယ်ဒမီဆုများကိုလည်း ၎င်းရိုက်ကူးသည့် ရုပ်ရှင်များမှ ဆွတ်ခူးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Star Awards ဂုဏ်ထူးဆောင်ဆု ရရှိခဲ့သည်။

၁၉၉၅ - ၁၉၉၆ အလွတ်တန်း စာရေးဆရာ၊ ပန်းချီဆရာအဖြစ် နယူးယောက်မြို့တွင် ရပ်တည်သည်။

၁၉၉၇ - ၂ဝဝ၅ လွတ်လပ်သော အာရှအသံ ရေဒီယိုဌာနတွင် အကြီးတန်း အသံလွှင့်သူ၊ အကြီးတန်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရေဒီယို အစီအစဉ်များနှင့် ဆောင်းပါးများစွာ ရေးသား ထုတ်လွှင့်ခဲ့သည်။

၂ဝဝ၅ မှ ယနေ့ အထိ ရေဒီယိုဌာနမှ အနားယူကာ အချိန်ပြည့် ပန်းချီဆရာ စာရေးဆရာအဖြစ် ရပ်တည်ခဲ့ပြီး Open Society Institute (OSI) - Burma Project ၏ မြန်မာ့ရုပ်သံမော်ကွန်း အစီအစဉ်များကို မိုးမခ စာနယ်ဇင်းအဖွဲ့နှင့်အတူ ဆောင်ရွက်လျက်ရှိသည်။ မိုးမခ၏ အကြံပေး အမှုဆောင်လူကြီးအဖြစ် ကူညီပေးသည်။ လက်ရှိတွင် အမေရိကန် ပြည်ထောင်စု၌ နေထိုင်လျက်ရှိသည်။

ထင်ရှားသည့် ရုပ်ရှင်လက်ရာများ

- နှင်းဆီနီအိပ်မက်

- မဟူရာ

- ပန်းသီတဲ့ကြိုး

- ပန်းစကား

စာအုပ်များ

- ဝင်းဖေ၏ ဝတ္ထုတိုများ

- လွယ်အိတ် (ရေဒီယိုအသံလွှင့်ချက်များ)

- ဝင်းဖေ၏ ရုပ်ရှင်ဝတ္ထုနှင့် ဇာတ်ညွှန်းများ

- ဝင်းဖေ၏ ရေဆေးပန်းချီများ

ကာတွန်း

- လွန်ခဲ့သော ၅၅ နှစ်က ဝင်းဖေ၏ ကာတွန်းများ