ဇော်ဝမ်း (၁၉၄၅ - ၂၀၀၉)

Listing Description

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ဇော်ဝမ်းကို ၁၉၄၅-ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်တွင် မန္တလေးမြို့၌ အဖ တိုင်းချစ်သခင်သိန်းဖေနှင့် အမိဒေါ်မြမြတို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးယောက်ရှိပြီး ဒုတိယမြောက်သား ဖြစ်သည်။ အမည်ရင်းမှာ သောင်းဒန် ဖြစ်ပြီး ငယ်မည်မှာ အတာ ဖြစ်သည်။ အပေါင်းအသင်းများက ကိုတာ၊ ဖိုးတာကြီးဟု ခေါ်သည်။ ဒါရိုက်တာ မောင်တင်ဦး၏ ညီဖြစ်သည်။ ညီမမှာ ဒေါ်ဆွေဆွေဖြစ်သည်။

မန္တလေးမြို့ တိုင်းချစ်ကျောင်းတွင် ၁ဝ တန်းအထိ ပညာသင်ယူခဲ့သည်။ ကျောင်းကပွဲများ၊ ဂီတဖျော်ဖြေပွဲများတွင် ပါဝင်ခဲ့သည်။ ဓာတုဗေဒ အဓိကနှင့် တက္ကသိုလ် ပထမနှစ်တက်ပြီး ဆက်မတက်တော့ပဲ အနုပညာလောကထဲသို့ ဝင်ရောက်လာသူ ဖြစ်သည်။ `မိုးကေသီ´အပျော်တမ်းတူရိယာအဖွဲ့ တည်ထောင်သူ ဦးဘိုခင်ထံတွင် အဆို၊ အတီး ပညာများ လေ့လာလိုက်စားခဲ့သည်။ ထိုတီးဝိုင်း၏ ပင်တိုင်အဆိုတော် သန်းလွင် အမည်ဖြင့် လူသိများခဲ့သည်။ ဇော်ဝမ်းဆိုသောအမည်ကို သူကိုးကွယ်သော ဘုန်းကြီးမှ ပေးခဲ့သည်ဟု သိရသည်။

အိမ်ထောင်ကျပြီးနောက် ရန်ကုန်မြို့သို့ သွားရောက်ကာ ရှုမဝဦးကျော်ထံတွင် သရုပ်ဆောင်ပညာ သင်ယူလေ့လာခဲ့သည်။ ဇော်ဝမ်းသည် ရှုမဝ ဦးကျော် ရုပ်ရှင်သင်တန်းမှ အစ်ကိုဖြစ်သူ မောင်တင်ဦးနှင့်အတူ ပေါ်လာသည့် အနုပညာရှင်တဦး ဖြစ်ကြောင်း ရုပ်ရှင်လောကအသိုင်းအဝိုင်းတွင် လူသိများသည်။ ရှုမဝဦးကျော်၏ `ချွေးကလေးစိုစို´ဇာတ်ကား တွင် ဇာတ်ဝင်ခန်းတစ်ခန်း ပထမဆုံးပါဝင် ရိုက်ကူးခဲ့ပြီး မိဘများ၏ ပံ့ပိုးမှုဖြင့် စေလိုရာစေ ဇာတ်ကားကို ပွဲဦးထွက် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားတွင် `ကျောက်ခဲ´သီချင်းကို ကိုယ်တိုင်သီဆိုခဲ့သည်။ ဇာတ်ကားမထွက်ခင် ပြည်ထောင်စုပွဲ၌ ဇော်ဝမ်းအမည်ဖြင့် ကျောက်ခဲသီချင်း သီဆိုခဲ့ရာမှာလည်း အောင်မြင်ပြီး ဇာတ်ကားထွက်သည့်အခါ လူပိုသိသွားပေတော့သည်။

မမုန်းလေနဲ့ ငပလီ၊ လူ့မနော၊ နေထွက်သောည၊ မေတ္တာဘုံသို့ နှစ်ခေါက်လေ၊ ပလက်ဖောင်းမင်းသား၊ ကြမ္မာရဟတ်၊ သံသရာလည်သရွေ့၊ ရွှေသမက်ငွေသမက်၊ ကျွန်တော်နှင့် ကိုဘကျော်၊ တို့နှစ်ယောက်နှင့် မိငြိမ်းချမ်း၊ ပုစ္ဆာဆန်သောမိန်းကလေး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ သင်္ကြန်မိုး စသည့်ဇာတ်ကားများတွင် အောင်မြင်မှုများ ရရှိခဲ့သည်။ သည်အထဲတွင် `နွေရူပ´ဇာတ်ကားသည် အကယ်ဒမီရမည်ဟုပင် မှန်းထားသော ဇာတ်ကားဖြစ်သည်။

ဇနီးဖြစ်သူမှာ ဒေါ်စိန်စိန်ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် အောင်မြင်နေသောအချိန်တွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျသွားခဲ့ရသည်။ ထောင်မှ ထွက်လာပြီနောက် နှစ်အတန်ကြာ ၁၉၈၇ ခုနှစ်တွင် အစ်ကိုဖြစ်သူ ဒါရိုက်တာ မောင်တင်ဦး စီစဉ်သည့် နာမည်ကျော်`သင်္ကြန်မိုး´ ဇာတ်ကားဖြင့် ပြန်လည်လူသိများလာခဲ့သည်။

မန္တလေးသင်္ကြန်တွင် ဇော်ဝမ်းသီချင်းများ ခေတ်စားလာခဲ့သည်။ မြနန္ဒာအပါအဝင် သင်္ကြန်သီချင်းများ ဖြစ်သည့် နွေမ၊ ရှာပုံတော် မင်းသားကြီး၊ ရွှေမန်းမာလာ စသည့် မရိုးနိုင်ဖွယ်ရာ သီချင်းများ သီဆိုခဲ့ပြီး (သင်္ကြန်မင်းသား)ဟု နာမည်ကြီးသည်။ နောက်ဆုံးသီချင်းအနေဖြင့် မြို့မအဖွဲ့၏`အသက်ကလေးရယ်တဲ့ ရှည်စမ်းချင်´တေးစီးရီးတွင် `ရတနာပုံ နှစ်၁၅၀´သီချင်းကို တစ်ဦးတည်း သီဆိုခဲ့သည်။ သီချင်းအပုဒ် တစ်ထောင်ကျော် သီဆိုခဲ့သည်ဟု သိရသည်။

၁၉၇၃-ခုနှစ် အကယ်ဒမီရရှိသွားသော `ဘယ်သူပြိုင်လို့လှပါတော့နိုင်´ဇာတ်ကားတွင်လည်း ခေတ်လူငယ်အသွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

၂၀၀၇-ခုနှစ်အတွက် မောင်ယဉ်အောင်(မြို့တော်) ရိုက်ကူးသော `ကိုးဆယ်ဆ သာလိမ့်မယ်´ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၀၉-ခုနှစ်၊ စင်္ကာပူသင်္ကြန်ပွဲတော်တွင် မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ရဲလေး၊ ရှင်ဖုန်း၊ ဖြူဖြူကျော်သိန်း တို့နှင့်အတူ သွားရောက် သီဆိုခဲ့သေးသည်။

၂၀၀၉-ခုနှစ်၊ နှစ်(၁၅၀)ပြည့် မန္တလေး လှုံ့ဆော်တေးများကို ရိုက်ကူးရာမှာ ပါဝင်ပြီး သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ်ဆောင်ရွက်သွားခဲ့သည်။

နောက်ဆုံးရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ `ဟော့ရှော့(၃)´ ဖြစ်သည်။ နောက်ဆုံးရိုက်ခဲ့သော ဗီဒီယိုဇာတ်ကားမှာ `မျက်ဝန်းလိပ်ပြာ´ဖြစ်သည်။

၁၉၇ဝ ခုနှစ်မှ စတင်ကာ ဘဝတ‌လျှောက်တွင် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၁၅ဝ ကျော်ခန့် ရိုက်ကူး သရုပ်ဆောင်ခဲ့သော်လည်း အကယ်ဒမီဆု မရရှိခဲ့ပေ။

၂၀၀၉-ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့ ည(၈:၃၀)အချိန်၌ အသည်းရောဂါနှင့် အင်းစိန်မြို့နယ် သီရိစန္ဒာဆေးခန်းတွင် ကွယ်လွန်သွားလေသည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄-နှစ်ရှိပြီ ဖြစ်ပြီး ဒုတိယဇနီးဖြစ်သူ ဒေါ်သန့်ရွှေစင်ဝင်းနှင့် သား ဖြိုးသိင်္ခဇော်ဝမ်း တို့ကျန်ရစ်ခဲ့သည်။ ဦးဇော်ဝမ်း ကွယ်လွန်ချိန်တွင် သားသမီး လေးယောက်၊ မြေးကိုးယောက် ရှိသည်။