မျိုးမြင့်ညိမ်း

Listing Description

အဘဦးကျားဘညိမ်း၊ အမိ ‌ဒေါ်ကြည်ကြည်တို့မှ ၁၉၅၂ ခုနှစ်၊ ဇွန် ၂၈ ရက်‌နေ့တွင် မန္တလေးမြို့၌ စတုတ္ထသားအဖြစ် ‌မွေးဖွားသည်။

အ‌ခြေခံပညာကို မန္တ‌လေးမြို့တွင် ဒိုင်အိုစီစင်သံတဲ‌ကျောင်း၊ ရန်ကုန်မြို့တွင် အ.ထ.က(၆)ဗိုလ်တထောင်တို့၌ တက်‌ရောက်သင်ယူပြီး ၁၉၇၄ တွင် လုပ်သားများ ‌ကောလိပ်တွင် ရူပ‌ဗေဒ ဘာသာရပ်အဓိကဖြင့် တက်‌ရောက်ဘွဲ့ယူခဲ့သည်။

၁၉၇၄ တွင် ‌ဒေါ်ဝင်း‌ဌေးနှင့် အိမ်‌ထောင်ကျပြီး သားဇာနည်မျိုးမြင့်ညိမ်း၊ သမီး ဒါလီမျိုးမြင့်ညိမ်း၊ သားဘိုမျိုးမြင့်ညိမ်းတို့ မွေးဖွားခဲ့သည်။

၁၉၇၇ ခုနှစ်တွင် စစ်ပြန်စစ်မှုထမ်းအဖွဲ့မှ ထုတ်‌ဝေသည့် အခါအား‌လျော်စွာထုတ် စစ်ပြန်မဂ္ဂဇင်းတွင် အလုပ်သင်အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်သည်။

၁၉၈၁ စာတည်းချုပ်ဦးမြလှိုင် တည်‌ထောင်‌သော ‌ပေဖူးလွှာမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် တာဝန် ထမ်း‌ဆောင်သည်။ ၁၉၈၃ တွင် မ‌ဟေသီမဂ္ဂဇင်း၊ ၁၉၈၅ တွင် သတင်းလွှာဂျာနယ်၊ ၁၉၈၄ တွင် သတင်းမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ပူးတွဲတာဝန် ထမ်း‌ဆောင်သည်။

၁၉၈၈ လူထုလှုပ်ရှားမှုတွင် စာ‌ပေနှင့်အနုပညာရှင်များအဖွဲ့၌ ပါဝင်ခဲ့ပြီး ၁၉၈၈ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်တမ်းလွှာစာ‌စောင် အုပ်ချုပ်‌ရေးအယ်ဒီတာအဖြစ် တာဝန်ယူသည်။ ၁၉၉ဝ နိုင်ငံ‌ရေးလှုပ်ရှားမှုများတွင် စာ‌ရေးဆရာ မင်းလူ‌ရေးသားသည့် ဘာ‌တွေဖြစ်ကုန်ကြပြီလဲ ကဗျာထုတ်‌ဝေဖြန့်ချိမှုဖြင့် ‌ထောင်ဒဏ် (၇)နှစ် ချမှတ်ခံရသည်။ အကျဉ်း‌ထောင်အတွင်း သတင်းမှန်များရရှိ‌ရေးနှင့် ပြင်ပကမ္ဘာနှင့် အဆက်မပြတ်နိုင်‌ရေး ကြိုးပမ်းမှုအဖြစ် "သတင်းမှတ်တမ်းလွှာ"စာ‌စောင်ကို အကျဉ်းကျလုပ်‌ဖော်ကိုင်ဖက်များနှင့်အတူ ကြိုးပမ်းထုတ်‌ဝေမှုဖြင့်၎င်း၊ အင်းစိန်‌ထောင်အတွင်း တရားမဲ့ညှင်းပန်းနှိပ်စက်မှုများကို ကမ္ဘာ့ ကုလသမဂ္ဂသို့ စာဖြင့်‌ရေးသား‌ပေးပို့ခဲ့၍၎င်း၊ ၁၉၉၃ နိုင်ငံတကာ လူ့အခွင့်အ‌ရေးညီလာခံ ကျင်းပသည့် ဩစတြီးယားနိုင်ငံသို့ သဝဏ်လွှာ‌ပေးပို့ခဲ့၍၎င်း၊ အခြား‌သော အကျဉ်းသား ဆိုင်ရာအခွင့်အ‌ရေးများ‌တောင်းဆိုမှု‌ကြောင့်၎င်း၊ ၁၉၉၆ ခုနှစ်တွင် အကျဉ်း‌ထောင်အတွင်း ‌နေရင်းမှပင် ‌နောက်ထပ် (၇)နှစ် ထပ်မံအကျဉ်းချခံရသည်။ ၂ဝဝ၁ ခုနှစ်တွင် က‌နေဒါနိုင်ငံ the Canadian Journalists for Freedom of Expression (CJFE) မှ လွတ်လပ်စွာ‌ရေးသားခွင့်ဆိုင်ရာ စာ‌ပေဆု ချီးမြင့်သည်။ ၂ဝဝ၂ ခုနှစ်တွင် နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ လက်မှတ်‌ရေးထိုး‌တောင်းဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာပီနဲရိုးမှ မြန်မာနိုင်ငံအစိုးရသို့ ‌ပေးအပ်ခဲ့ပြီး‌နောက် ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်တွင် သာယာဝတီအကျဉ်း‌ထောင်မှ လွတ်‌မြောက်ခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ခဲ့ပြီး‌နောက် အစ်ကိုဖြစ်သူ အယ်ဒီတာချုပ် ဦးဝင်းငြိမ်း၏ တာဝန်‌ပေး ချက်အရ ‌ရွှေအမြု‌တေမဂ္ဂဇင်းတွင် အမည်‌ဖော်ပြခြင်းမခံရ‌သော အယ်ဒီတာတာဝန်ယူသည်။ အလင်းတန်းဂျာနယ်တွင် ၂ဝဝ၄ ခုနှစ်မှစ၍၎င်း၊ ဖူးငုံဆယ်‌ကျော်သက်မဂ္ဂဇင်းတွင် ၂ဝဝ၃ ခုနှစ်မှ စ၍‌သော်လည်းကောင်း တာဝန်ယူခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ပြီး ၁ဝ နှစ်အကြာ ၂ဝ၁၂ ခုနှစ်တွင် မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်ကို ထူ‌ထောင်ပြီး တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်ခဲ့ကာ‌ ရွှေအမြု‌တေမဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တို့ကိုပါ တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက် ရှိသည်။

ပဲန်မြန်မာကို ထူထောင်ရန် ကြိုးပမ်းခဲ့ကြသူများမှ တစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ပဲန်မြန်မာ စင်တာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပထမအကြိမ်နှစ်ပတ်လည် ညီလာခံတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ သက်တမ်း(၃)နှစ်ပြည့်မြောက်သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံရွေးကောက်ခံခဲ့ရပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။