ညီပုလေး (၁၉၅၂-၂၀၂၃)

Listing Description

စာရေးဆရာ ညီပုလေးကို  ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင်  မန္တလေးမြို့၌ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့မှ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးငြိမ်းချမ်း ဖြစ်သည် ။

မန္တလေးမြို့ စိန့်ပီတာအထက်တန်းကျောင်းတွင်  မူလတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့ပြီး မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒဘာသာရပ်ဖြင့် ရရှိခဲ့သည် ။ ဆရာညီပုလေးမှာ  မန္တလေးတိုင်း တိုင်းပဏာမ လက်ရွေးစင် ဘောလုံးသမားတစ်ဦးလည်း  ဖြစ်ခဲ့သည် ။

ဆရာညီပုလေးမှာ မန္တလေးမြို့ ၈၄ လမ်း ၊ ၃၂-လမ်းနှင့် ၃၃-လမ်းကြား လက်ဆည်ကန်ရပ်ရှိ လူထုကြီးပွားရေး စာအုပ်တိုက်တွင် နေထိုင်ကာ စာအုပ်စာပေရေးသားထုတ်ဝေခြင်းများကို ပြုလုပ်ခဲ့သည် ။

၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူ မဂ္ဂဇင်းမှာ လျက်ဆားတတို့ ဝတ္ထုဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့ပြီး ၁၉၈၉ မတ်လတွင် ပထမဦးဆုံး လုံးချင်းဝတ္ထုတို စာအုပ်အဖြစ် သူထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး ဝတ္ထုကို ရေးသား ထုတ်ဝေခဲ့သည် ။

ဆရာညီပုလေး၏ ထင်ရှားသည့်စာပေများမှာ  ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ ၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ၊ တကြောင်းဆွဲ ကလေးပန်းချီနှင့် အခြား ဝတ္ထုတိုများ၊ လူအ အိပ်မက် ဝတ္ထုတိုများ အပြင် ခရီးသွား ဆောင်းပါး အဖြစ် လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ ၊ ငြိမ်သက်တစ်မိနစ်နှင့် အခြားဝတ္ထုတိုများ စာအုပ်များအပြင် မြေးသူကြီး နှင့် ထက်မြက်သော ဓားသွားပေါ်က ချိုမြမြ ပျားရည်တစက် ဝတ္ထုတို့ ဖြစ်သည် ။

 ‘ထက်မြက်သော ဓားသွား ပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်မှာ ၂၀၁၆ ခုနှစ်အတွက်အမျိုးသားစာပေဆု ရရှိခဲ့သည် ။

စာရေးဆရာ ညီပုလေးသည် ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက နှလုံးရောဂါဖြင့် မန္တလေးမြို့ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။