ကာတွန်း ကံချွန် (၁၉၄၆-၂၀၀၉)

Listing Description

၁၉၄၆ ခုနှစ် ဧပြီ (၄)ရက်နေ့၊ မန္တလေးမြို့တွင် အဘ ဦးဘဌေးနှင့် အမိဒေါ်အေးရွှင် တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို သုံးဦးရှိပြီး ကာတွန်း ဗိုလ်မောင်၊ ဓာတ်ပုံ လှဝင်းတို့ဖြစ်သည်။

မန္တလေးမြို့ အမှတ်(၃)အ.ထ.ကတွင် အထက်တန်းထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၃-၁၉၆၄-ခုနှစ်တွင် မန္တလေးအနုပညာကျောင်း၌ ပန်းချီသင်တန်းတက်ရောက်ခဲ့ပြီး ဆရာကြီး ဦးကံညွန့်၊ ဦးချစ်မြဲ၊ ဦးအေးကျော်တို့ထံတွင် သင်ယူခဲ့သည်။ “မိ၊ မော်၊ မေ၊ မ” ကာတွန်းများရေးဆွဲခဲ့သူ ကာတွန်းဝင်းမောင်သည် ကာတွန်းကံချွန်၏ ဆရာရင်းဖြစ်သည်။

သူ၏ ပထမဆုံး ကာတွန်းမှာ ၁၉၆၉-ခု၊ အောက်တိုဘာလ ဟံသာဝတီ သတင်းစာတွင် ဖော်ပြခံခဲ့ရပြီး၊ ကြေးမုံ၊ ဗိုလ်တထောင်၊ လုပ်သား သတင်းစာများနှင့် ရှုထောင့် ဂျာနယ်၊ သတင်းဂျာနယ် တို့တွင် ကာတွန်းများ ရေးသားခဲ့သည်။ အလားတူ မိုးဝေ၊ ချယ်ရီ၊ ကလျာ၊ မဟေသီ စသည့်မဂ္ဂဇင်းများနှင့် မန္တလေးထုတ် ဂျာနယ်အများစုတွင်လည်း ကွယ်လွန်ချိန်အထိ ကာတွန်းများ ရေးသားခဲ့သည်။

ပထမဆုံးဝင်ပြိုင်သည့် ရှုထောင့်ဂျာနယ်ကာတွန်း ပထမဆုရခဲ့သည်။ ပထမဆုံး ဝင်ပြိုင်တဲ့ ဦးဘဂျမ်းကာတွန်းဆု ပထမရခဲ့သည်။

ရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်ပေါင်း ၇၃ အုပ်ရှိပြီး နာမည်ကျော် စာအုပ်များထဲတွင် ခေတ်ကျောင်းသား၊ ကြားဖူးနားဝ ပုံပြင်များ၊ မန္တလေးမြို့က လူတွေအကြောင်း၊ အပျိုစင်တို့ သိသင့်သမျှ (၁) (၂) ၊ အမျိုးသားတို့ သိဖို့ မိန်းမတို့ အကြောင်း၊ စီးပွားရေး ဟာသ စသည့် စာအုပ်များမှာ လူသိများသည်။ သူ၏ ဇာတ်ကောင်များ ဖြစ်ကြသော ဘ၊ ဘွားစွာ၊ ကိုပါရာနှင့် ကျော်မင်းဟန်တို့ကိုလည်း လူသိများသည်။ ကာတွန်း ကံချွန်သည် ကာတွန်း၊ သရုပ်ဖော်ပုံ၊ ပန်းချီ တို့ ရေးဆွဲခြင်း အပြင် ဝတ္တု၊ ဆောင်းပါး၊ သရော်စာ တို့ကို ရေးသားခဲ့ပြီး ဒါရိုက်တာလည်း လုပ်ခဲ့ဖူးသည်။ မန္တလေးမြို့ဝန်းကျင်တွင် ဗွီဒီယို (၃) ကားခန့် ရိုက်ကူးခဲ့ပြီး နောက်ဆုံးရိုက်ကူးခဲ့သော လေဘာတီမမြရင် နှစ် (၁၀၀) ပြည့် အငြိမ့်ဗွီစီဒီအခွေမှာ ပရိသတ်အကြား အပျံ့အနှံ့ဆုံးဖြစ်သည်။

ဘ၊ ဖွားစွာ၊ ကိုပါရာ၊ ကျော်မင်းဟန် အမည်ရှိ ကာတွန်းဇာတ်ကောင်များ ပါဝင်သော ကာတွန်းဇာတ်လမ်းများကို ပုံပမာ၊ ရုပ်စုံကမ္ဘာ၊ တွတ်ပီကမ္ဘာ အစရှိသည့် ကာတွန်းရုပ်စုံများတွင် ရေးဆွဲခဲ့သည်။ ယင်းအပြင် အဆိုပါ ကာတွန်းဇာတ်ကောင်များ ပါဝင်သော လုံချင်းကာတွန်းစာအုပ်များလည်း ထုတ်ဝေခဲ့သေးသည်။

သူ၏ ပန်းချီပြပွဲ နောက်ဆုံးနေ့ (၂၀.၈.၀၉) ညနေ သုံးနာရီ ခွဲတွင် မန္တလေးနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး ဇနီး၊ သမီးနှင့် မြေးသုံးဦး ကျန်ရစ်ခဲ့သည်။