ဦးစံမတူ (၁၉၃၂ - ၂၀၂၁)

Listing Description

၁၉၃၂ တွင် ရန်ကုန်၊ ဗဟိုအမျိုးသမီးဆေးရုံ ဂျမန်ခါနာ၌ ၁၁ လမ်းနေ ဦးဘခိုင်၊ ဒေါ်ကြီးမေတို့က မွေးဖွားသည်။ မောင်မြင့်သိန်းမှာ အမည်ရင်း ဖြစ်သည်။

၁၁ လမ်းအနီးအနား၌ နာမည်ကျော် အငြိမ့်အဖွဲ့၊ ဇာတ်အဖွဲ့များ ရှိသည်။ ယင်းအငြိမ့် ဇာတ်သဘင်များကို ကျောင်းအားလပ်ရက်တွင် ကလေးမောင်မြင့်သိန်းသည် သွားရောက်ကြည့်ရှုလေ့ရှိသည်။ ထိုမှတဆင့် ဇာတ်သဘင်အငြိမ့်ပွဲကို နှစ်သက်သဘောကျလာသည်။ ၁၉၄၀ ကျော် ၁၆ နှစ်သားတွင် နာမည်ကြီး မြဒဂုံဇာတ်ပွဲ၌ လူရွှင်တော်အဖြစ် စတင်ကပြခြင်းဖြင့် အနုပညာလောကထဲ ဝင်ရောက်ခဲ့သည်။ ထိုဇာတ်ကနေစဉ်၊ နာမည်ကြီးဒါရိုက်တာ ဦးအောင်ဝင်းက လူရွှင်တော် ဦးစံမတူ၏ အမူအရာ၊ ပြောပုံဆိုဟန်ကို သဘောကျသွားသည်။ ဦးစံမတူကို မိမိရိုက်နေသော ရုပ်ရှင်ထဲ ထည့်ရိုက်ရာမှ ဦးစံမတူ ဇာတ်သဘင်လောကမှ ရုပ်ရှင်နယ်ပယ်အတွင်း ရောက်ရှိလာသည်။ ဤသို့ ရုပ်ရှင်လောက၌ ဒါရိုက်တာများစွာနှင့် ရုပ်ရှင်ကားများတွင် ပါဝင်ရိုက်ကူးရာဝယ်၊ လက်တွဲမှုအများဆုံး ဒါရိုက်တာများမှာ ဦးသုခနှင့် ဝင်းဦးတို့ ဖြစ်သည်။

ရိုက်ကူးခဲ့ပြီးသော ရုပ်ရှင်ကားများ ၂၀၀ ကျော်သည်။ ဟာသဇာတ်ရုပ်ကများသည်။ တွဲဖက်ဟာသသရုပ်ဆောင်များမှာ ပလာတာ ဂျော်လီဆွေ နွဲ့နွဲ့စန်းတို့အပြင် ရွှေအိုးစည် တုတ်တုတ် စသော အနုပညာရှင်များနှင့်လည်း လက်တွဲသရုပ်ဆောင်သည်။

မိသားစုမရှိ၊ လူပျိုကြီး ဖြစ်ပြီး တူဖြစ်သူနှင့်အတူ ရွှေဂုံတိုင်မီးပွိုင့်အနီး တိုက်ခန်းတွင် နေထိုင်ခဲ့သည်။

ဦးစံမတူ ပါဝင်သရုပ်ဆောင်ခဲ့သည့် ထင်ရှားသော ရုပ်ရှင်ဇတ်ကားများမှာ သြော်မိန်းမ၊ ချစ်သူရွေးမယ် ချစ်ဝဲလည်၊ ရဟန်းစားရသော ဆွမ်းတနပ်နှင့် ဃောသကသူဌေးသားအကြောင်း စသော ဇာတ်ကားများ ဖြစ်သည်။

ဝါရင့်ဟာသ သရုပ်ဆောင် ဦးစံမတူသည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့၌ လူကြီးရောဂါဖြင့် ကွယ်လွန်သည်။