မင်းအောင် (၁၉၅၆ - ၂၀၀၁)

Listing Description

တေးသံရှင် မင်းအောင်ကို အဘ ဦးသန်းညွန့် + အမိ ဒေါ်ခင်ခင်ဆွေ တို့မှ ၁၉၅၆ အောက်တိုဘာလ ၄ ရက်တွင် ဟင်္သာတမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း မောင်နှမ သုံးယောက်တွင် အစ်ကို အကြီးဆုံးဖြစ်ပြီး ညီမနှစ်ယောက် ရှိသည်။ မူလတန်းပညာကို ဟင်္သာတမြို့ လက်သမားရပ် မူလတန်းကျောင်းတွင် သင်ကြားပြီး အထက်တန်းပညာကို ဟင်္သာတမြို့ အမှတ် ၄ အစိုးရ အထက်တန်းကျောင်းတွင် သင်ကြားခဲ့သည်။

ပထမဆုံး တေးစီးရီးဖြစ်သော မင်းသားလေးလို လွမ်းပြမယ် တေးစီးရီးကို ၁၉၇၆ ခုနှစ် ဇန်နဝါရီ လ ၁၂ ရက် နေ့တွင် အောင်ကိုလတ် နှင့် ညီအစ်ကိုများ တေးဂီတအဖွဲ့ (The Brother's)နှင့် ဦးဘသိန်း စတူဒီယိုတွင် အသံသွင်းယူခဲ့သည်။

ဒုတိယ တေးစီးရီးဖြစ်သော အသည်းနွမ်းခေါ်သံ ( ရဝေ-ရဝေ )ကို ၁၉၇၈ ခုနှစ်တွင် သွင်းယူခဲ့သည်။

ဒုတိယစီးရီးမှစပြီး ဟင်္သာတမြို့ တေးသံသာ တေးသံသွင်း ဦးလှသွင် ၏ အဆက်အသွယ်ဖြင့် ရန်ကုန် တေးပုလဲ ဦးဘမြင့် နှင့် တေးစီးရီး ဆယ်ခု စာချုပ် ချုပ်ဆို ထွက်ရှိခဲ့သည်။ ၁၉၇၉ ခုနှစ် ပလေးဘွိုင်းအဖွဲ့ နှင့် ဦးဘသိန်း စတူဒီယိုတွင် အသံသွင်းခဲ့သော လွမ်းစိတ်နဲ့ မျှော်နေမယ် စီးရီးမှာ အကြောင်း အမျိုးမျိုးကြောင့် မထုတ်ဖြစ်ခဲ့ပေ။ ပလေးဘွိုင် အဖွဲ့ မှ ကိုသိန်းတန် ခွဲထွက်လာပြီး နောက် ပထမဆုံး အနေနှင့် နှစ်ပါးသွားလေး ကချင်ပြီ စီးရီး ကို Love,Peace & Joy ( L.P.J ) တေးဂီတအဖွဲ့နှင့် တီးခတ်အသံသွင်းယူခဲ့သည်။ အချစ်ရှေ့နေ တေးစီးရီးကို ( L.P.J ) တေးဂီတအဖွဲ့နှင့် တီးခတ် အသံသွင်းနေစဉ် ရက်ကောဒင်း ဒိတ် အခက်အခဲကြောင့် Super Star တေးဂီတ အဖွဲ့ နှင့်ပါ နှစ်ဖွဲ့ တီးခတ် အသံသွင်းယူခဲ့သည်။

၁၉၇၉ နိုဝင်ဘာလ တွင် မခင်ငြိမ်းစိုး နှင့် လက်ထပ်ခဲ့သည်။ ၁၉၈၁ တွင် တေးပုလဲ ဦးဘမြင့်နှင့် စာချုပ်ပြည့် ပြီးနောက် ရန်ကုန်မြို့ ဘားလမ်းတွင် မင်းသားလေး တေးသံသွင်း ဆိုင်ဖွင့်လှစ်ပြီး ပထမဆုံး မြမျက်ရည်မိုး တေးစီးရီးကို ဂီတမှူး ဒေါက်တာ အင်ဒရှုးကောင်း တေးဂီတအဖွဲ့နှင့် တီးခတ် ထုတ်လုပ်ခဲ့သည်။

သီချင်း အပုဒ်ရေပေါင်း (၄၀၀)ကျော် ကို သီဆိုခဲ့သည်။

၂၀၀၁ ခုနှစ်၊ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။