ဦးနု (၁၉၀၇ - ၁၉၉၅)

Listing Description

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၌ အဖ ဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ ခုနှစ်၊ မေလ၂၅ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်းနှစ်ဦးတွင် အကြီးဖြစ်သည်။ ၁၉၂၀ ခုနှစ်၊ တက္ကသိုလ်ကျောင်းသားသပိတ်တွင် ဝါးခယ်မမြို့အစိုးရကျောင်း၌ ပဉ္စမတန်းမှ ပါဝင်ခဲ့သည်။ ၆ တန်း၌ ပညာသင်ကြားနေစဉ် ဝါးခယ်မ အမျိုးသားကျောင်းတွင် ဆရာ အခက်အခဲရှိနေ၍ ဆရာတစ်ဘက် ကျောင်းသားတစ်ဘက် ဆောင်ရွက်ခဲ့သည်။ ၁၉၂၅-ခုနှစ်တွင် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဘီ.အေ (ဝိဇ္ဇာ) ဘွဲ့ကို ရရှိခဲ့သည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များအစည်းအရုံး တည်ထောင်ရာတွင် ကမကထလုပ်၍ ပါဝင်ခဲ့သည်။ ဦးသန့်၏ တိုက်တွန်းချက်အရ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်သည်။ သုံးခွမြို့ အမျိုးသားကျောင်းသို့ ကျောင်းအုပ်အဖြစ် ပြောင်းရွေ့ခဲ့သည်။ ၁၉၃၅ခုနှစ်တွင် ပန်းတနော်မြို့ အမျိုးသားကျောင်း ကော်မတီ ဥက္ကဋ္ဌ၏ သမီး မမြရီ နှင့် အိမ်ထောင်ကျသည်။ ပန်းတနော် အမျိုးသားကျောင်းတွင် ပြန်လည်၍ တာဝန် ထမ်းဆောင်သည်။ ဦးနုတွင် သားနှစ်ဦး၊ သမီး နှစ်ဦး မွေးဖွားခဲ့သည်။

သူ၏ နိုင်‌ငံရေးဘဝသည် ရန်‌ကုန်‌တက္ကသိုလ်‌ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ တာဝန်‌ကို ရယူခဲ့ချိန်မှ စတင်‌ခဲ့သည်‌။ ထိုအချိန်တွင် ဗိုလ်ချူပ်အောင်ဆန်းမှာ သမဂ္ဂ၏ အတွင်းရေးမှူးဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် သမဂ္ဂတွင်ပါသော ဆောင်းပါးတစ်ပုဒ်ကြောင့် ကျောင်းမှထုတ်ပစ်ခြင်းခံခဲ့ရပြီး ထိုကိစ္စကြောင့် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်ကျောင်းသားသပိတ်ကို ဖြစ်ပေါ်ခဲ့သည်။ ကျွန်ပညာကို အလိုမရှိဟူသော သဘောဖြင့် ဘီအေဘွဲ့ကိုပြန်အပ်ခဲ့သည်။ ၁၉၃၇ခုနှစ်တွင် သတင်းဆရာ ဦးဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ ဖွဲ့စည်းထားသော ဖေဘီယံ နိုင်ငံရေးပါတီတွင် ဝင်ရောက်ကူညီခဲ့သည်။ ဦးနုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့သည် ၁၉၃၀ ခုနှစ်က ဖွဲ့စည်းသော တို့ဗမာအစည်းအရုံးတွင် အဖွဲ့ဝင်များ ဖြစ်လာကြပြီး သူတို့၏ နာမည်ရှေ့တွင် 'သခင်' ဟူသော ဂုဏ်ပုဒ်ကို တပ်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အထိ သခင်တပ်ခြင်းကို ဆက်ထိမ်းပြီး ၁၉၅၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ဖြစ်၍ ‘သခင်’ ဟုအမည်ရှေ့တွင်တတ်ရန် မလိုတော့သည့်အတွက် ‘သခင်’ကို မသုံးတော့ပဲ ဦးနုဟုသာပြန်လည်သုံးနှုန်းစေခဲ့သည်။ ၁၉၃၇ ခုနှစ်က သခင်သန်းထွန်းနှင့်အတူ ‘နဂါးနီ’ စာပေတိုက်ကို ပူးတွဲထူထောင်ခဲ့ပြီး ၎င်းပါတီသည် နောင်တွင် ဆိုရှယ်လစ်ပါတီ ဖြစ်လာသည်။ ထို့နောက် ပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သည့် ဖက်ဆစ်တော်လှန်ရေးပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြီးကိုပါ ပူးတွဲထူထောင်ခဲ့ပြီး ၁၉၄၀ ပြည့်လွန်နှစ်များဝန်းကျင်ကတည်းက ဂျပန်နှင့် ဗြိတိသျှတို့၏ လက်အောက်မှ ရုန်းထွက်ရန် ဆော်ဩတိုက်တွန်းခဲ့ကြသည်။ ကိုလိုနီအစိုးရ၏ ၁၉၄၀ ပြည့်နှစ်တွင် သခင်စိုး၊ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်း၊ ဒေါက်တာဘမော် တို့နှင့်အတူ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်းနှင့် တကွ အစိုးရဝန်ကြီးအဖွဲ့ဝင်များ လုပ်ကြံခြင်းခံရပြီးနောက် ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် ဗြိတိသျှဝန်ကြီးချူပ် ကလဲမင့်အက်တလီနှင့် အတူ လွတ်လပ်ရေးသဘောတူညီမှုစာချူပ် (နု-အက်တလီ စာချူပ်) ကို ဦးနုဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက လက်မှတ်ရေးထိုးခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဗြိတိန်နိုင်ငံမှ လွတ်လပ်ရေးရရှိပြီးနောက် ဦးနုသည် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်လာသည်။ လွတ်လပ်ရေးရလျှင်ရချင်း ဦးနုသည် တိုင်းရင်းသားများ အထူးသဖြင့် ကရင်များ၏ ပုန်ကန်ခြင်းနှင့် တပ်မတော်၏တပ်ရင်းအချို့ အပါအဝင် ကွန်မြူနစ်ဂိုဏ်းကွဲများ၏ ပုန်ကန်ခြားနားမှုကို ခံရသည်။ နောက်ထပ်ဆင့်၍ပေါ်လာသည်မှာ တရုတ်ပြည်မှ ကွန်မြူနစ်များတိုက်ထုတ်လိုက်သည့် ကူမင်တန်(ကေအင်တီ) တပ်ပြေးအဖွဲ့ပါ တိုးလာသည်။ မြန်မာနိုင်ငံ အရှေ့ဖျားတွင် စခန်းများစွဲထားသည့် ကူမင်တန်များကို ၁၉၅၀ နှစ်ဦးနောက်ပိုင်းမှ မြန်မာနိုင်ငံက နှစ်အတန်ကြာတိုက်ထုတ် ခဲ့ရသည်။ ဒီမိုကရေစီစနစ်ကို ထူထောင်ခဲ့ပြီး ပါလီမန်ရွေးကောက်ပွဲများကို ကျင်းပခဲ့သည်။ သူသည် ၁၉၅၆ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်ပြီး ဖဆပလ အဖွဲ့ဝင် ဦးဗဆွေ (၁၉၈၇ ခုနှစ်တွင် ကွယ်လွန်) က ၁၉၅၆ ခုနှစ် ဇွန်မှ ၁၉၅၇ ခုနှစ် ဇွန်ထိ တစ်နှစ်ဝင်ရောက် တာဝန်ယူခဲ့သည်။ ၁၉၅၈ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် နိုင်ငံရေးမတည်မငြိမ်မှုကြောင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းကို အိမ်စောင့်အစိုးရအဖြစ် လွှဲအပ်ပြီး ၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းယူစေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်ဖေဖော်ဝါရီ အထွေထွေရွေးကောက်ပွဲတွင် ဦးနု၏ ‘သန့်ရှင်း’ ဖဆပလပါတီသည် ဦးကျော်ငြိမ်းနှင့် ဦးဗဆွေတို့၏ ‘တည်မြဲ’ ဖဆပလပါတီကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ၁၉၆၀ ပြည့်နှစ် ဧပြီ ၄ ရက်တွင် ပြည်ထောင်စုပါတီကို ထူထောင်ပြီး အာဏာကို ပြန်ရယူခဲ့သည်။

နှစ်နှစ်မပြည့်မီ ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် ဗိုလ်ချူပ်နေဝင်းသည် ဦးနုအစိုးရအား အာဏာသိမ်းပြီး ဖြုတ်ချခဲ့သည်။

၁၉၆၉ ခုနှစ် ဖေဖော်ဝါရီတွင် ဦးနုသည် ကြားဖြတ် အစီရင်ခံစာ တစ်စောင်တင်သွင်းသည်။ ယင်းအစီရင်ခံစာကို တင်သွင်းပြီးနောက် ဦးနုသည် နေထိုင်မကောင်းပါဟု ဟန်ဆောင်၍ အိန္ဒိယနိုင်ငံသို့ ဘုရားဖူးသွားမည်ဟု အကြောင်းပြုပြီး အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ ဗိုလ်ချုပ်နေဝင်းမှ အကြောင်းပြန်ကြားခြင်း မပြုသည့်အခါ ဦးနုသည် အိန္ဒိယမှ လန်ဒန်မြို့သို့ ဆက်လက် ထွက်ခွာသွားလေသည်။ ဦးနုသည် လန်ဒန်တွင် သူသာလျှင် တရားဝင် ဝန်ကြီးချုပ်အဖြစ်ဆက်လက်ရှိနေသေးကြောင်း ကြေညာခဲ့သည်။)

နောက်ပိုင်းတွင် ဦးနုသည် ပါလီမန် ဒီမိုကရေစီပါတီကို ထူထောင်ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ဦးနု၏ တော်လှန်ရေးအဖွဲ့တွင် ရာဂဏန်းသာသာရှိ၍ အလွန်ဆုံး ထောင်ဂဏန်းခန့်သာရှိပြီး ထိုင်းနယ်စပ်မှ ဗိုလ်ချုပ်နေဝင်းကို ဖြုတ်ချရန် ကြိုးပမ်းမှုမှာ ဇာတ်သိမ်းခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ် ဇူလိုင် ၂၉ ရက်တွင် ဗိုလ်ချုပ်နေဝင်း ကမ်းလှမ်းသည့် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့လေသည်။ 

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင် ဗုဒ္ဓဘာသာသင်တန်းများပို့ချပြီး (၁၉၈၇ ခုနှစ်က ဦးနုသည် မြောက်အီလီနွိုင်း တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဆိုင်ရာသင်တန်းများ ပို့ချခဲ့သည်။) မထင်မရှားနေနေခဲ့ပြီး ဦးနုသည် ရှစ်လေးလုံးအရေးတော်ပုံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီကို ထောင်ကာ ပြန်လည်လှုပ်ရှားခဲ့သည်။ လန်ဒန်မြို့တွင် ၁၉၆၉ ခုနှစ်က သူသည် မြန်မာနိုင်ငံ၏ တရားဝင်ဝန်ကြီးချုပ်‌ဖြစ်ကြောင်း ကြေညာခဲ့သည်ကို ပဲ့တင်ထပ်၍ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ထပ်မံ၍ ကြေညာခဲ့ပြန်သည်။ သူ၏ အစိုးရကို ၁၉၆၂ ခုနှစ်က ဖြုတ်ချခဲ့သည့် သမ္မတဟောင်း မန်းဝင်းမောင်ကို သမ္မတနေရာတွင် ပြန်လည် ခန့်အပ်လျက် ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တပ်မတော်က အာဏာသိမ်းယူပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်မှု အဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီးနောက် နဝတက ဦးနုအား ၎င်း၏ကြားဖြတ်အစိုးရအား ဖျက်သိမ်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဦးနုမှ မလိုက်လျောခဲ့ပေ။ ထို့ကြောင့် ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဦးနုအား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။ 

ဦးနုသည် ဗုဒ္ဓဘာသာ ကို ကိုင်းရှိုင်းသူဖြစ်ပြီး တိုင်းပြည်၏ လောကုတ္တရာရေးရာဆိုင်ရာ ထင်ပေါ်သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ဆဋ္ဌမအကြိမ်သင်္ဂါယနာပွဲအတွက် ကမ္ဘာအေးစေတီတော်နှင့် မဟာပါသဏလှိုဏ်ဂူတော်တို့ကို တည်ဆောက်ခဲ့ပြီး ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ၁၉၅၄-၁၉၅၆ ခုနှစ်တွင် ထိုပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်။ ထိုစဉ်က ဦးနု၏ အဓိက လုပ်ရပ်များကြောင့် ၁၉၆၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်တွင် ပါလီမန်သည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ကြေညာခဲ့သည်။ ယင်းကိစ္စကြောင့် ခရစ်ယာန်လူနည်းစုများ‌ ဖြစ်ကြသည့် ကချင်၊ ကရင်တို့ နှင့် သွေးကွဲစေခဲ့သည်။ နွားသတ်ခြင်းကိုလည်း တရားဝင်ပိတ်ပင်ခဲ့သဖြင့် အမဲသားကို တိုးတိုးသားအ‌ဖြစ် ခေါ်ဝေါ်ရသည် အထိဖြစ်ခဲ့သည်။ 

ဦးနုသည် စာအုပ်အချို့ကို ရေးသားခဲ့ပြီး အချို့ကို အင်္ဂလိပ်ဘာသာသို့ ပုဂ္ဂိုလ်အသီးသီးတို့မှ ဘာသာပြန်ခဲ့ကြသည်။ သူ၏ စာအုပ်အချို့မှာ လူထုအောင်သံ(၁၉၁၅)၊ ဂျပန်အောက်မြန်မာနိုင်ငံ(၁၉၅၄)၊ အာရှတိုက်သားတစ်ဦး၏ အဆိုအမိန့်(၁၉၅၃) နှင့် မြန်မာပြည်၏ ရှေ့သို့မျှော်(၁၉၅၁) တို့ ဖြစ်ကြသည်။

သူ၏ ကိုယ်ရေးအတ္ထိုပ္ပတ္တိ (၁၉၀၇- ၁၉၆၂) တာတေ-စနေသားကို အိန္ဒိယနိုင်ငံ ဧရာဝတီစာပေမှ ၁၉၇၅ ခုနှစ်တွင် ဦးမောသီရိက ထုတ်ဝေခဲ့သည်။ ၎င်းအတ္ထုပ္ပတ္တိ ပထမအကြိမ်ပုံနှိပ်ခြင်းကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ဦးလောရုံက ဘာသာပြန်ဆိုခဲ့သည်။ ဦးနုဝန်ကြီးချုပ် မဖြစ်မီက ၁၉၃၀ ပြည့်နှစ်လွန်များဝန်းကျင်တွင် ဒေးလ်ကာနယ်ဂျီ၏ ‌How to Win Friends and Influence People ကို လူပေါ်လူဇော်လုပ်နည်း အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ ယင်းဘာသာပြန်မှုသည် လူသားက လူသားများအား အမြတ်ထုတ်ခြင်းအဓိပ္ပာယ် ပေါက်စေသဖြင့် နောက်ပိုင်း စာအုပ်ကို မိတ္တဗလဋီကာ ဟုပြန်ဆိုခဲ့သည်။ ဒုတိယအကြိမ် ပုံနှိပ်ခြင်းကို ၁၉၅၀ ခုနှစ်များက ကျောင်းများတွင် ပြဋ္ဌာန်းခဲ့သည်။ အခြားသော ကျောင်းသုံးစာအုပ် အဖြစ်ပြဋ္ဌာန်းခဲ့သည် ဦးနု၏ ပင်ကိုယ်ရေးစာအုပ်မှာ လူထုအောင်သံဖြစ်သည်။

ဦးနုသည် အသက် ၈၇ နှစ် ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ သူ၏ ဇနီး ဒေါ်မြရီမှာ သူ့အရင် ကွယ်လွန်ခဲ့သည်။ သူ့တွင် သားသမီး ၅ ဦး ကျန်ရစ်ခဲ့သည်။ 

ဦးနု၏ အုတ်ဂူပေါ်တွင် အင်္ဂတေဖြင့် သွန်းလုပ်ထားသော "လက်ဖဝါး " ဗလာပုံ စိုက်ထူထားသည်။ ။

ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ

၁၉၂၅

"အချစ်လော၊ အမုန်းလော"၊ ဓူဝံ မဂ္ဂဇင်း

၁၉၃၆

"သပိတ်မှောက်ကျောင်းသား" ဇာတ်ညွှန်း၊ ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီ

၁၉၃၇

"ခေတ်မီ ပြဇာတ်တိုများ" နဂါးနီ စာအုပ်အသင်း

၁၉၃၈

"ဗမာ့သတ္တိ"

"လူပေါ်လူဇော်လုပ်နည်း" ပထမတွဲ

"လူပေါ်လူဇော်လုပ်နည်း" ဒုတိယတွဲ (နောင်အခါ ဤစာအုပ်အား "မိတ္တဗလဋီကာ" ဟု အမည်သစ်ပြောင်း၍ ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်း)

၁၉၃၉

"ဂန္ဓာလရာဇ်"၊ နဂါးနီ စာအုပ်တိုက်

၁၉၄၀

"နိုင်ငံရေးအဘိဓာန်" (သခင်လှဖေနှင့် တွဲရေး)

၁၉၄၁

"နွားသိုးကြိုးပြတ်" ပြဇာတ်

"ပုထုဇနော ဥမ္မတကော" ပြဇာတ်

"ရက်စက်ပါပေ့ကွယ်"

"ဦးသောင်းဒန်"

၁၉၄၃

"ပုထုဇနော ဥမ္မတကော"

၁၉၄၅

"အာဇာနည်ဆိုတာ ဘာလဲ"

"မာစ်ဆဇ္ဇင်းမ်ဆိုတာ ဘာလဲ" (ဗမာတွေ ဘာလုပ်ရမလဲ)

"ငါးနှစ်ရာသီ ဗမာပြည်" ပထမအကြိမ်

"ငါးနှစ်ရာသီ ဗမာပြည်" ဒုတိယအကြိမ် (အမျိုးသားစီမံကိန်းဌာန၊ အတိုင်ပင်အရာရှိကြီး မစ္စတာ ဂျေ အက်ဖ် ဖာနီဗဲလ် က အင်္ဂလိပ်သို့ ဘာသာပြန်)

"Towards Peace & Democracy"

၁၉၄၉

"မိတ္တဗလဋီကာ" တတိယအကြိမ်

"အာဇာနည်" ဒုတိယအကြိမ်

"လူမွဲတို့၏ ထွက်ရပ်လမ်း"

၁၉၅၀

"မိတ္တဗလဋီကာ" စတုတ္ထအကြိမ်

၁၉၅၁

"From Peace to Stability"

၁၉၅၂

"စာရိတ္တမဏ္ဍိုင်"

"The People Win Through"

"လူထုအော်သံ" ပြဇာတ်

၁၉၅၃

"ကမ္ဘာကျော် ရှိတ်စပီးယားပြဇာတ်များ"

"အာဇာနည်" တတိယအကြိမ်

"မိတ္တဗလဋီကာ" ပဉ္စမအကြိမ်

"နိုင်ငံတော်ပန်းတိုင်"

"Burma Looks Ahead"

"မိတ္တဗလဋီကာ" ဆဋ္ဌမအကြိမ်

"အာဇာနည်" စတုတ္ထအကြိမ်

"Burma under the Japan: Picture and Portraits"

၁၉၅၅

"အသားထဲက လောက်ထွက်" ပြဇာတ်

"ပြည်ထောင်စုပန်းတိုင်" ပထမတွဲ

"ပြည်ထောင်စုပန်းတိုင်" ဒုတိယတွဲ

"မိတ္တဗလဋီကာ" သတ္တမအကြိမ်

"မိတ္တဗလဋီကာ" အဋ္ဌမအကြိမ်

"ပြည်တော်သာပန်းတိုင်"

"Forward with the People"

၁၉၅၆

"မိတ္တဗလဋီကာ" နဝမအကြိမ်

၁၉၅၇

"အာဇာနည်" ပဉ္စမအကြိမ်

"ပြည်တော်သာပန်းတိုင်" ဒုတိယအကြိမ်

၁၉၅၈

"ဓမ္မအကြောင်း"

"ငါးပါးသီလအကြောင်း"

"ငါးပါးသီလ၊ မြတ်စွာဘုရား၊ သံဃာတော်၊ ဓမ္မအကြောင်း၊ ဗုဒ္ဓသာသနာအရေးတော်ပုံ" ပထမအကြိမ်

၁၉၅၉

"ဖိနှိပ်မှု တိုက်ပွဲအဆင့်ဆင့်" ပထမအကြိမ်

"ဖိနှိပ်မှု တိုက်ပွဲအဆင့်ဆင့်" ဒုတိယအကြိမ်

"ဒီမိုကရေစီကာကွယ်ကြ" (မြန်မာ အင်္ဂလိပ် နှစ်ဘာသာ)

"ရှေ့တန်းခေါင်းဆောင် ဖြစ်လိုသော်"

"We Must Defend Democracy"

၁၉၆၀

"ငါးပါးသီလ၊ မြတ်စွာဘုရား၊ သံဃာတော်၊ ဓမ္မအကြောင်း၊ ဗုဒ္ဓသာသနာအရေးတော်ပုံ" ဒုတိယအကြိမ် "သကအလ" ပြဇာတ်

 

၁၉၆၁

"Wages of Sin"

၁၉၆၂

"အိန္ဒိယပြည်၌ ဟောပြောသော ဗုဒ္ဓတရားတော်များ"

၁၉၆၃

"ပုထုဇနော ဥမ္မတကော" ဒုတိယအကြိမ်

၁၉၆၇

"ကာမတဏှာ" ပထမတွဲ၊ ပထမအကြိမ်

"ကာမတဏှာ" ဒုတိယတွဲ၊ ပထမအကြိမ်

၁၉၆၈

"ကာမတဏှာ" ပထမတွဲ၊ ဒုတိယအကြိမ်

"ကာမတဏှာ" ဒုတိယတွဲ၊ ဒုတိယအကြိမ်

"ရက်စက်ပါပေ့ကွယ်" ဒုတိယအကြိမ်

"ရုပ်စုံအခြေခံသမိုင်း" အတွဲ ၁

၁၉၈၂

"ကာမတဏှာ" ပထမအကြိမ် (နှစ်အုပ်တွဲ)

၁၉၈၃

"ညောင်ကန်အေး ဝိပဿနာတရားတော်"

"ငရဲဆိုတာ ချိုနဲ့လားဗျို့" ပထမအကြိမ်

"ရက်စက်ပါပေ့ကွယ်" တတိယအကြိမ်

"ဗုဒ္ဓဘာသာ တရားတော်" (မြန်မာ အင်္ဂလိပ် နှစ်ဘာသာ)

၁၉၈၄

"ကျေးဇူးရှင်" ပထမအကြိမ်

"ဓမ္မစကြာ တရားတော်"

၁၉၈၅

"အနတ္တလက္ခဏာသုတ် တရားတော်"

၁၉၈၇

"ငရဲဆိုတာ ချိုနဲ့လားဗျို့" ဒုတိယအကြိမ်

၁၉၈၈

"တြိရတနသဗ္ဗဇေယျ မင်္ဂလာဂါထာတော်များ"

၁၉၉၆

"မိတ္တဗလဋီကာ" ဒဿမအကြိမ်

၁၉၉၇

"အာဇာနည်" ဆဋ္ဌမအကြိမ်

၂၀၀၀

"ကာမတဏှာ" ဒုတိယအကြိမ် (နှစ်အုပ်တွဲ)

"မိတ္တဗလဋီကာ" ဧကာဒဿမအကြိမ်

၂၀၀၄

"ငရဲဆိုတာ ချိုနဲ့လားဗျို့" တတိယအကြိမ်

"အာဇာနည်" သတ္တမအကြိမ်

"ကျေးဇူးရှင်" ဒုတိယအကြိမ်

၂၀၁၂

"တာတေစနေသား" ပထမအကြိမ်

၂၀၁၃

"တာတေစနေသား" ဒုတိယအကြိမ်