ခင်မောင်ချင်း

Listing Description

သရုပ်ဆောင် ခင်မောင်ချင်းကို ၁၉၄၄ ခု၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် အဖ ဦးထွန်းရွှေနှင့် အမိဒေါ်ချစ်တို့မှ မြင်းခြံမြို့တွင် မွေးဖွားသည်။ အမည်ရင်းမှာလည်း "ခင်မောင်ချင်း"ပင် ဖြစ်သည်။ အရာရှိဘဝမှ မြန်မာ့ရုပ်ရှင် လောကသို့ ကူးပြောင်းလာသော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ ဇာတ်သဘင်လောကတွင်လည်း "ပုလဲအရောင်မမှိန်" ဇာတ်ကို တည်ထောင်ခဲ့သူဖြစ်သည့် ဇာတ်မင်းသားလည်း ဖြစ်သည်။

၁၉၆၈-ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ သိပ္ပံ(ဓာတုဗေဒ)ဘွဲ့ ရရှိခဲ့သည်။ ရုပ်ရှင်လောကထဲသို့ မရောက်မီ ၁၉၆၉ မှ ၁၉၇၂-ခုထိ သန်လျင် ရေနံချက် စက်ရုံတွင် ရေနံအရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၇၃-ခုနှစ်တွင် "မိစမ်း" ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ စတင်ဝင်ရောက် လာခဲ့သည်။ စံပယ်မွှေးမွှေး အထွေးဖို့၊ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မိသိန်းကြည်၊ ပုလဲအရောင်မမှိန် ဇာတ်ကားတို့သည် လူကြိုက်များသော ဇာတ်ကားများ ဖြစ်သည်။ ကျော်ဟိန်းခေတ်ကောင်းချိန်တွင် ကျော်ဟိန်းနှင့် တူသော ဓာတုဗေဒမင်းသားဟု ဆိုကြသည်။ ကာတွန်းမြင့်သိန်း၏ စံရွှေမြင့် ဇာတ်ကောင်အနေဖြင့် လူသိများပြီး ကောလိပ်ဂျင်နေဝင်းနှင့်အတူ ရိုက်ခဲ့သော "ပုလဲအရောင်မမှိန်"ဇာတ်ကားဖြင့် နာမည်ကြီးလာသူ ဖြစ်သည်။ ခေါင်းဆောင် မင်းသားအနေဖြင့် ရုပ်ရှင်ကားပေါင်း (၂၇)ကား ၊ ဗွီဒီယိုဇာတ်ကား (၃၀၀)ကျော်ရိုက်ကူးခဲ့ပါသည်။

ဇာတ်သဘင်ဘက်မှာလည်း ၁၉၈၀ ခုနှစ်မှ ၁၉၉၃ အထိ လှုပ်ရှားခဲ့ပါသည်။ ပုလဲအရောင်မမှိန် ဇာတ်သဘင်ကို လူပေါင်း နှစ်ရာကျော်ဖြင့် ဖွဲ့စည်းထူထောင်ကာ ကပြခဲ့သည်။ ဝေဒပညာလည်း ဝါသနာပါသူဖြစ်ပြီး ဆရာကြီး မင်းသိင်္ခ၏ ဗေဒင်သင်တန်းကို ဝေဒပညာရပ်နှင့် ငါးဘာသာ ဂုဏ်ထူးရရှိခဲ့သူဖြစ်သည်။ မြန်မာ့ရုပ်ရှင် အစည်းအရုံးတွင် အမှုဆောင်အဖြစ် တာဝန်ယူကာ ဗေဒင်ဟောခန်း ဖွင့်၍ ဟောပြောလျက် ရှိသည်။

ဦးခင်မောင်ချင်းသည် အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်(ရုပ်ရှင်/ပြဇာတ်)ဌာန ၌ အချိန်ပိုင်းပါမောက္ခ ၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သရုပ်ဆောင်သင်တန်းများ ၊ ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်း၏ (Laurel Art Academy)၊ အကယ်ဒမီ မြင့်မြင့်ခိုင်၏ (S.B.I) ၊ဦးထူးသာရဲ့ (Oscar)၊အကယ်ဒမီအောင်ခိုင်ရဲ့(Dream World)စသော ရုပ်ရှင်သင်တန်းတို့၌ သင်တန်းပို့ချခဲ့ပါသည်။

ဦးခင်မောင်ချင်းသည် သရုပ်ဆောင်နည်းပညာဆိုသော စာအုပ်ရေးသားခဲ့ပီး ဗေဒင်ဆောင်းပါးများကိုလည်း ရေးသားလျက်ရှိကာ လက်ရှိတွင် ရန်ကုန်မြို့၌ နေထိုင်လျက်ရှိသည်။